CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၃

ချန်ပီယံလိဂ်ဖလား လက်ရှိ ချန်ပီယံနဲ့ ဘောလုံးထိပ်သီးကလပ် ရီးရယ်လ်အသင်းဟာ ကစားသမားတွေ ပြောင်းရွှေ့ဖို့ အိပ်မက်အသင်းလို့ ဟာလန်းရဲ့အေးဂျင့်က ပြောလိုက်ပါတယ်။

အေးဂျင့် ပီမန်တာက “ကစားသမားတွေ သွားချင်နေတဲ့ အသင်းမှာဆိုရင် ပရီးမီးယားလိဂ်၊ ပြီးတော့ ရီးရယ်လ် အသင်းလည်း ရှိပါတယ်။ သူတို့တွေမှာဆို ကစားသမားတွေအတွက် အိပ်မက်တစ်ခုလည်း ရှိပါတယ်။ ရီးရယ်လ်က ဒီမှော်ဆန်မှုကို ဆက်ပြီး ထိန်းထားပါတယ်။ သူတို့မှာ အပတ်စဉ်ပြိုင်ပွဲတွေ မရှိပေမယ့် ချန်ပီယံလိဂ်တော့ ရှိပါ တယ်”လို့ ပြောခဲ့တာပါ။

ဟာလန်းဟာ ဒေါ့မွန်ကနေ ရောက်ရှိလာပြီးကတည်းက မန်စီးတီးအသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၂၇ ဂိုး သွင်းယူကာ စံချိန်တွေ တင်ထားတာ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ ဟာလန်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲအရ ၂၀၂၄ မှာ ရီးရယ်လ်အသင်းထံ ပြောင်းနိုင်တယ်ဆိုတဲ့ အချက် ပါဝင်တယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။

ဒါပေမယ့် မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဒီသတင်းတွေကို ငြင်းဆန်ထားပါတယ်။

ဟာလန်းနဲ့ ဂွာဒီယိုလာကိုတွေ့ရစဉ်

ရီးရယ်လ်အသင်းဟာ ၂၀၁၄ ကတည်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၅ ကြိမ် ရယူထားနိုင်ခဲ့ပြီး မနှစ်က ရာသီမှာဆိုရင် မန်စီးတီးအသင်းကို ဆီမီးဖိုင်နယ် အဆင့်ကနေ ထွက်ခွာအောင် လုပ်နိုင်ခဲ့တာပါ။

ဘရာဇီးလ်ရှေ့နေ ပီမန်တာဟာ စူပါအေးဂျင့် ရွိုင်အိုလာရဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး ရွိုင်အိုလာ ကွယ်လွန် ပြီးနောက်မှာ ဒီအေဂျင်စီလုပ်ငန်းကို တာဝန်ယူခဲ့ရတာ ဖြစ်ပါတယ်။

ပီမန်တာက ဟာလန်းဟာ ဂွာဒီယိုလာနဲ့အတူ လက်တွဲလုပ်ကိုင်ဖို့၊ ပရီးမီးယားလိဂ်ရဲ့ ဆွဲဆောင်မှုနဲ့ ဖခင်ဖြစ်သူက ဒီအသင်းမှာ ကစားခဲ့တာတွေကြောင့် မန်စီးတီးအသင်းနဲ့ လက်မှတ်ထိုးခဲ့တာလို့ ပြောခဲ့တာပါ။

ပီမန်တာက “အေးဂျင့်တစ်ယောက်ဟာ ကစားသမားဖြစ်ချင်တဲ့ နေရာမှာ ရှိနေဖို့လိုပါတယ်။ ပရီးမီးယားလိဂ်ဟာ ကောင်းမွန်တဲ့ လိဂ်တစ်ခုပါ။ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ပွဲတိုင်းကလည်း စိန်ခေါ်မှုတွေ ရှိပါတယ်။ လူတိုင်းက ဒါကို ကြည့်ချင်ကြတာ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Source: BBC