CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၃

ယူနိုက်တက်အသင်းကို ဝယ်ယူဖို့အတွက် သားဖြစ်သူက လေလံဆွဲမှု ပြုလုပ်ထားပေမယ့် ဖခင်ကတော့ သူဟာ ဘောလုံးပရိသတ် မဟုတ်သလို ဘောလုံးကို ရင်းနှီးမြှုပ်နှံရမှာလည်း မကြိုက်ဘူးလို့ ပြောသွားခဲ့ပါတယ်။

ရှိတ် ဟာမတ် အယ်လ်သာနီက “ကျနော်က ဘောလုံးပရိသတ် မဟုတ်ပါဘူး။ ဒီရင်းနှီးမြှုပ်နှံမှုကိုလည်း ကျနော် မကြိုက်ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကောင်းမွန်စွာ အလုပ်လုပ်ရပါလိမ့်မယ်။ ကျနော့်ရဲ့ သားတွေနဲ့ အမြဲတမ်း ဆွေးနွေးမှု ပြုလုပ်ပါတယ်။ သူတို့ကတော့ အပြင်းအထန် တွန်းအားပေးပါတယ်။ ဒါက ကျနော်ရဲ့ အထူးပြုထားတဲ့ အရာ မဟုတ်ပါဘူး။ ကျနော်က ရင်းနှီးမြှုပ်နှံတဲ့သူပါ။ ဒါဟာ ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်လာရင် ကျနော် စဉ်းစားမှာပါ။ ဒါကို ကြော်ငြာတစ်ခုအနေနဲ့ လုပ်တာလို့တော့ မမြင်မိပါဘူး”လို့ The Athletic ကို ပြောခဲ့တာပါ။

အတိုကောက် HBJ လို့ လူသိများတဲ့ ရှိတ် ဟာမတ် အယ်လ်သာနီဟာ ၂၀၀၇ ကနေ ၂၀၁၃ အတွင်း ကာတာနိုင်ငံ ရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

သားဖြစ်သူ ရှိတ် ဂျာဆင်မ် အယ်လ်သာနီဟာ ယူနိုက်တက်အသင်းကို ဝယ်ယူဖို့အတွက် ဖေဖော်ဝါရီ ၁၇ ရက်က ပေါင် ၄.၅ ဘီလီယံနဲ့ တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ထားတာပါ။ ဒါပေမယ့် ရှိတ် ဟာမတ် အယ်လ်သာနီကတော့ သားဖြစ်သူရဲ့ ကမ်းလှမ်းမှုမှာ သူ့ဘက်က ထောက်ခံမှု အပြည့်အဝ မပေးထားဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ကွင်းကိုတွေ့ရစဉ်

ရှိတ်ဂျာဆင်မ် ကတော့ ယူနိုက်တက်အသင်းကို အကြွေးကင်းကင်းနဲ့ ဝယ်ယူမှာဖြစ်ပြီး အသင်းကို အရင်လို အောင်မြင်မှုတွေ ပြန်လည် ရရှိဖို့အတွက် ရင်းနှီးမြှုပ်နှံမှု အများအပြား ပြုလုပ်သွားမယ်လို့ ကတိပြုထားပါတယ်။

ရှိတ် ဂျာဆင်မ်ဟာ ယူနိုက်တက်ကို ဝယ်ယူဖို့အတွက် ဗြိတိန် အချမ်းသာဆုံးပုဂ္ဂိုလ် ရက်ရှ်ကလစ်ဖ် လေလံမဆွဲခင် နာရီပိုင်းအလိုမှာ လေလံဆွဲခဲ့တာ ဖြစ်ပါတယ်။ ဂလေဇာမိသားစုဟာ အသင်းကို ရောင်းချဖို့ စီစဉ်ထားပေမယ့် အခု အချိန်မှာ မိသားစုကြား သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။

အဲဒါကြောင့် ယူနိုက်တက်အသင်းကို အပြည့်အဝရောင်းချဖို့ နှောင့်နှေးနိုင်ပြီး ဂလေဇာမိသားစုဟာ ပေါင် ၆ ဘီလီယံ လိုချင်နေတယ်လို့ သိရပါတယ်။

အဲဒါကြောင့် ယူနိုက်တက်အသင်းကို ပိုင်ရှင်အသစ်တွေ လွှဲပြောင်းရယူမှုဟာ အခုနှစ်ရာသီ အကုန်မှ ဖြစ်ဖွယ် ရှိတယ်လို့ သိရပါတယ်။

Source: Goal