CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၄

ယူနိုက်တက်အသင်းဟာ လီဗာပူးလ်နဲ့ စမ်းသပ်ရမယ့်ပွဲအတွက် ယုံကြည်မှုအပြည့်နဲ့ ကစားသွားမှာဖြစ်ပြီး ၃ မှတ် ရယူဖို့အတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ ဒီပွဲကို စောင့်မျှော်နေတာဖြစ်ပြီး ပတ်ဝန်းကျင်နဲ့ လေထုကကြီးမားနေမယ် ဆိုတာကို ကျနော်သိပါတယ်။ကျနော်တို့ကို အပြင်းအထန်ဆန့်ကျင်နေမှာဖြစ်ပေမယ့် ဒါမျိုးကို ကြိုက်နှစ်သက် ပါတယ်။ဒီပွဲဟာ စမ်းသပ်မှုတစ်ခုပါ။ကျနော်တို့ဟာ လီဗာပူးလ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲကို တကယ်ကို စောင့်မျှော် နေတာပါ။ကစားသမားတွေ၊အသင်းသားတွေနဲ့ အသင်းကလည်း ယုံကြည်မှုအပြည့်နဲ့သွားပြီး တိုက်ပွဲဝင်ဖို့ ပြင်ဆင် ထားမယ်ဆိုတာ ကျနော်သိပါတယ်။ဒါပေမယ့် ဒီပွဲက ခက်ခဲမှာပါ။ကျနော်တို့ ဒုက္ခရောက်သွားနိုင်တယ်ဆိုတာ လည်း သိတဲ့အတွက် ရလဒ်ကောင်းတစ်ခုရဖို့ဆိုရင် အနစ်နာခံရမယ်” လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ နယူးကာဆယ်အသင်းကို ကာရာဘောင်းဖလားမှာ အနိုင်ရပြီးနောက် ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံဆုဖလားကို ပြန်လည်ရယူနိုင်ခဲ့သလို ၂၀၁၆ နောက်ပိုင်း အန်ဖီးလ်မှာ ပထမဆုံးနိုင်ပွဲကို ရှာဖွေနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်နဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကိုရောက်ရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာလည်း ရမှတ် ၄၉ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး လီဗာပူးလ်ကတော့ ယူနိုက်တက်နဲ့ ၁၀ မှတ်အကွာ အဆင့် ၆ နေရာမှာ ရပ်တည်နေတာပါ။ပြီးခဲ့တဲ့နှစ်ရာသီတွေက ပရီးမီးယားလိဂ်ပြိုင်ပွဲကို မန်စီးတီးနဲ့ လီဗာပူးလ်တို့ကသာ ကြီးစိုးထားနိုင်ခဲ့ပေမယ့် အခုနှစ်ရာသီမှာတော့ အာဆင်နယ်အသင်းနဲ့ ယူနိုက်တက်အသင်းတို့က သူတို့နေရာကို ပြန်လည်ရယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ တခြားကလပ်တွေအကြောင်းကို မပြောပါဘူး။ကျနော်တို့အကြောင်းကိုပဲ ပြောနေတာပါ။ကျနော်တို့က ကောင်းမွန်တဲ့လမ်းကြောင်းပေါ် ရောက်နေတယ်လို့ ထင်ပါတယ်။ပြီးတော့ ကျနော် တို့ရဲ့ ဒဿန၊ ဗျူဟာနဲ့ ယဉ်ကျေးမှုအရ ဆက်ပြီးတိုးတက်နေဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းနဲ့ ကစားရမယ့်ပွဲမှာ ဝက်စ်ဟမ်းအသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ မပါဝင်နိုင်ခဲ့တဲ့ နောက်ခံလူ လုပ်ခ်ရှောနဲ့ တောင်ပံကစားသမား ဆန်ချိုတို့ ပါဝင်လာနိုင်ဖွယ်ရှိတယ်လို့လည်း ယူနိုက်တက်နည်းပြက ပြောခဲ့ ပါတယ်။ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ဟာ ဒီရာသီ အိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ယူနိုက်တက်အသင်းက ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

Source:ChannelNewsAsia