CNI Sport Article

၂၀၂၃ ခုနှစ်၊ ဧပြီ ၃၀

ဒီရာသီမှာ အားလုံးက ဆင်ပျံကြီးဆိုပြီး တင်စားခေါ်ဝေါ်ရတဲ့အထိ ခြေစွမ်းပိုင်း တသမတ်တည်းနဲ့ အကောင်းဆုံး ပုံစံတွေ ပြသထားတဲ့ အာဆင်နယ် အသင်းကတော့ နောက်ပိုင်းပွဲစဉ်တွေရဲ့ ရလဒ်တွေကြောင့် တစ်ရာသီလုံး မျှော်လင့်ထားရတဲ့ အရာကို ဆုံးရှုံးရလုနီးပါးအထိ ဖြစ်နေခဲ့ပါတယ်။

ဒါကတော့ ပရီးမီးယားလိဂ် ဆုဖလားဖြစ်ပြီး အာဆင်နယ်အသင်းဟာ ၂၀၀၄ နောက်ပိုင်း ဒီဆုဖလားကို ပထဆုံး အကြိမ် ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို တကယ်ရဖို့ ထိုက်တန်တဲ့ ခြေစွမ်း၊ စိတ်အားထက်သန်မှု၊ နိုင်လို စိတ် ပြင်းထန်မှုတွေကို ပွဲတိုင်းနီးပါး မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ရာသီအစကတည်းက ဒီပုံစံကို အကောင်းဆုံး ထိန်းချုပ်ထားနိုင်ခဲ့ပြီး သူတို့ရဲ့ အခက်အခဲ ဆုံး ကာလတစ်ခုဖြစ်တဲ့ ဒီဇင်ဘာလကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ တခြား ဖလားပြိုင်ပွဲတွေက ထွက်ပြီး ပရီးမီးယားလိဂ်ကို စိတ်နှစ်ထားခဲ့ပေမယ့် ရာသီကုန်ဆုံးကာနီးမှ နောက်ထပ် ခက်ခဲတဲ့ ကာလတစ်ခုကို ကျော်ဖြတ်နိုင်ဖို့ တကယ်ကို ခက်ခဲတဲ့ အနေအထား ကို ရောက်ရှိလာခဲ့တာပါ။

အာဆင်နယ် တိုက်စစ်မှူး ဆာကာ ပင်နယ်တီ ကန်သွင်းနေစဉ်

အာဆင်နယ်အသင်းဟာ သူတို့ကို အနီးကပ်ဖိအားပေးနေတဲ့ မန်စီးတီးအသင်းက ပြိုင်ပွဲစုံယှဉ်ပြိုင်ပြီး ကိုယ်က တစ်ပတ်ကို ၁ ပွဲနှုန်းသာ ကန်နေရတဲ့ အချိန်မှာ ရလဒ်တွေဟာ အံအားသင့်ဖွယ်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လီဗာပူးလ် အသင်းနဲ့ပွဲမှာဆိုရင် ၂ ဂိုးနဲ့တောင် ဦးဆောင်နိုင်ခဲ့ပေမယ့် ပြိုင်ဘက်ရဲ့ ဖိအား ပေးမှုဒဏ်ကို မခံနိုင်ဘဲ အဆုံးမှာ ၂ ဂိုး ပြန်ပေးခဲ့ရပြီး သရေတစ်မှတ်သာ ရယူနိုင်ခဲ့ပါတယ်။ နောက်ထပ် ပွဲတစ်ပွဲ ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ ပွဲမှာလည်း အာဆင်နယ်အသင်းဟာ ၂ ဂိုးသွင်းပြီး ထပ်ပြီး ဦးဆောင်ခဲ့ ပြန်ပါတယ်။

ဒါပေမယ့် ဝက်စ်ဟမ်းက ချေပဂိုး ပြန်သွင်းခဲ့ပြီးနောက် ၃ ဂိုး- ၁ ဂိုးနဲ့ ဦးဆောင်နိုင်မယ့် အခွင့်အရေးတစ်ရပ်ဖြစ်တဲ့ ပင်နယ်တီကို ဆာကာက လွဲချော်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပြီး သိပ်မကြာခင်မှာ ဝက်စ်ဟမ်းအသင်းက နောက် ထပ် ချေပဂိုး ထပ်သွင်းခဲ့လို့ အာဆင်နယ်အသင်းဟာ ၂ ဂိုးစီ သရေနဲ့ နောက်ထပ် ရမှတ် ၂ မှတ်ကို ထပ်ပြီး လွှင့်ပစ် ခဲ့ရ ပြန်ပါတယ်။

အာဆင်နယ်အတွက် ဒီ ၂ ပွဲအပြီး နောက်ထပ် ကစားတဲ့ ဆောက်သမ်တန် အသင်းနဲ့ပွဲမှာဆိုရင် ပွဲချိန် ၁ မိနစ် တောင် မပြည့်ခင် အပါအဝင် ဦးဆောင်ဂိုး ၃ ဂိုး ပေးခဲ့ရပြီး အနောက်ကနေ လိုက်ကာ အသည်းအသန် ချေပဂိုးတွေ သွင်းယူခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းသားများ စိတ်ပျက်နေစဉ်

အာဆင်နယ် အတွက်တော့ ဒီ ၃ ပွဲမှာ အမြင့်ဆုံး ရနိုင်မယ့် ၉ မှတ်ထဲက ၃ မှတ်သာ ရနိုင်ခဲ့တာက တော်တော်လေး ကို ဆိုးရွားခဲ့ပြီး ဒီအချိန်မှာ မန်စီးတီးက ရာနှုန်းပြည့် အနိုင်နဲ့ အနောက်ကနေ ဖိအားတွေ ဆက်တိုက် ပေးခဲ့တာပါပဲ။

အာဆင်နယ် အတွက်ကတော့ ကံဆိုးခဲ့ပြီး သူတို့ကို အနောက်ကနေ ဆက်တိုက် ဖိအားပေးနေတဲ့ မန်စီးတီးနဲ့မှ သွားပြီး ထိပ်တိုက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ပိုင်း နှစ်တွေမှာ မန်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲတိုင်း အရေးနိမ့်ခဲ့တဲ့ အာဆင်နယ်အတွက်တော့ ဒီပွဲဟာ မျှော်လင့်ချက် အနည်းငယ်သာ ရှိခဲ့တဲ့အတိုင်းပဲ တကယ်လည်း အရေးနိမ့်ပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တောင် မရှိတော့တာပါ။
ဒါပေမယ့် ဘာမဆို ဖြစ်သွားနိုင်တဲ့ ပရီးမီးယားလိဂ်မှာတော့ အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်လင့်လို့ ရပါသေးတယ်။ အာဆင်နယ်နည်းပြ အာတီတာနဲ့ ဂိုးသမား ရမ်စဒေးလ်တို့ကတော့ သူတို့ဟာ အရှုံး ပေးသွားမှာ မဟုတ်ဘဲ အဆုံးထိ တိုက်ပွဲဝင်မယ်လို့ ပြောထားခဲ့တာ ဖြစ်ပါတယ်။

ရာသီအကုန်မှာ ချန်ပီယံဆုကို ရယူမယ်လို့ ကြုံးဝါးနေတဲ့ အာဆင်နယ် ပရိသတ်တွေ အတွက်တော့ အသင်းရဲ့ နောက်ပိုင်း ရလဒ်တွေအပေါ် မခံချိမခံသာ ဖြစ်နေကြမယ်ဆိုတာ အမှန်ပါပဲ။

ဒါပေမယ့် အာဆင်နယ် အတွက်တော့ ပရီးမီးယားလိဂ် မရခဲ့ရင်တောင် အရှုံးကနေ အမြတ်ထွက်တာက လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရသွားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၁၆-၁၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်ခဲ့တာပါ။

အာဆင်နယ်နဲ့ မန်စီးတီး ယှဉ်ပြိုင်စဉ်

လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ဟာ အခုနှစ်ရာသီ မစခင်က အာဆင်နယ်အသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို မရခဲ့ရင်တောင် အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေ အများကြီးရှိခဲ့တာ ဖြစ်ပါတယ်။

တစ်သင်းလုံးရဲ့ တိုက်ပွဲဝင် စိတ်ဓါတ်၊ လွယ်လွယ်လေးနဲ့ ပြိုင်ဘက်ကို အရှုံးမပေးတဲ့ အရာတွေက အာဆင်နယ် အသင်းအတွက် အမြတ်ထွက်ပြီး အပေါင်းလက္ခဏာဆောင်တဲ့ အရာပဲဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ လိုအပ်တဲ့ နေရာတွေကို အားဖြည့်ခဲ့မယ်ဆိုရင် လာမယ့်ရာသီမှာ အသင်း ဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အသင်းဆိုတဲ့ နေရာကို သေချာပေါက် ရောက်ရှိသွားမှာပါ။

ဒါပေမယ့် လက်ရှိ ရာသီဟာ မပြီးဆုံးသေးတာကြောင့် အာဆင်နယ်အတွက် ချန်ပီယံဆုကို ရယူနိုင်မယ့် မျှော်လင့် ချက်တွေ ပြန်လည် ရှင်သန်လာနိုင်သလို မန်စီးတီးသာ ခြေမချော်ခဲ့ဘူးဆိုရင်တော့ အာဆင်နယ်အတွက် တစ်ရာသီလုံး ကြိုးစားထားတဲ့ အရာတွေဟာ သဲထဲရေသွန် ဖြစ်သွားတော့မှာပါ။