CNI International News

ဝါရှင်တန်၊ဇွန်လ ၁၆

ယူကရိန်းအရှေ့ပိုင်း၌ တိုက်ပွဲပြင်းထန်နေချိန် ဝါရှင်တန်က ကိယက်ဗ်အစိုးရထံသို့ စစ်ရေးလုံခြုံရေး အကူ အညီသစ်အဖြစ် ဒေါ်လာ ၁ ဘီလီယံ ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးကို ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဇွန်လ ၁၅ ရက်၌ ခေါင်းဆောင်နှစ်ဦးတို့ တယ်လီဖုန်းခေါ်ဆိုမှုအပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ ဘိုင်ဒန်က “ယူကရိန်းအပေါ် ရုရှားက ကြမ်းကြုတ်ရက်စက်ပြီး ဆက်လက်တိုက်ခိုက်နေသော စစ်ပွဲ၌ ယူကရိန်းကို ကူညီဖို့ ကတိကဝတ်ကို မိမိ ထပ်လောင်းအတည်ပြုကြောင်း” ပြောကြားထားသည်။

ယခုပေးအပ်မည့်ပမာဏသည် အမေရိကန်၏ ဒေါ်လာဘီလီယံ ၄၀ အကူအညီပေးရေးအစီအစဉ်မှဖြစ်သော်လည်း ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များ ထိမှန်သည့် လက်နက်မျိုးပေးမည်မဟုတ်ကြောင်း ပြောကြားထားပြီးဖြစ်သည်။ ယခင်ကလည်း အမေရိကန်သည် ယူကရိန်းထံသို့ ဒုံးကျည်ပစ်လွှတ်ရေးစနစ်များ ပေးပို့ခဲ့သည်။

ထိုသို့ အမေရိကန်၏လက်နက်ပံ့ပိုးမှုအသစ်အတွက် ကျေးဇူးတင်ရှိကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီးက ဇွန်လ ၁၅ တွင် ပြောကြားခဲ့သည်။

“ကျနော်တို့ရဲ့ ကာကွယ်ရေး အားကောင်းလာစေဖို့ ဒေါ်လာ ၁ ဘီလီယံ ပံ့ပိုးမှုအသစ်ပေးမယ့်အကြောင်း အမေရိကန်က ကြေညာခဲ့ပါတယ်။ ဒီလိုပံ့ပိုးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တိုင်းပြည်ရဲ့အရှေ့ပိုင်း ဒွန်ဘတ်စ် ဒေသမှာ ကျနော်တို့ကာကွယ်ရေးဟာ အင်မတန်အရေးကြီးနေပါတယ်” ဟု ဇာလန်းစကီးက ၎င်း၏ညစဉ် ဗီဒီယို မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)၏ နယ်ပယ်ချဲ့ထွင်မှုကို ရပ်တန့် ရန် တောင်းဆိုခဲ့ပြီးနောက် မော်စကိုတပ်များ ယူကရိန်းနယ်စပ်အနီး လအတန်ကြာ ချထားခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံအတွင်းသို့ အပြည့်အဝ ကျူးကျော်၍ ထိုးစစ်ဆင်ခဲ့သည်။

မြို့တော်ကိယက်ဗ်ကို တိုက်ခိုက်နေခြင်းမှ မော်စကိုသည် ၎င်း၏စစ်ပွဲရည်မှန်းချက်ကို အာရုံပြောင်းခဲ့ရာ ယခုအခါ နိုင်ငံ၏အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသနှင့် ယူကရိန်းတောင်ပိုင်းဒေသတို့ကို ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက် ခဲ့သည်။

မကြာသေးမီရက်သတ္တပတ်များအတွင်း အဆိုပါဒေသသို့ ရုရှားတပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် စစ်ရေးအရှိန် မြှင့်လာခဲ့သည်။

ရုရှားသည် ပြီးခဲ့သည့်လ၌ ယူကရိန်း၏မဟာဗျူဟာအချက်အချာကျသော မာရီယူပေါလ်ဆိပ်ကမ်းမြို့ကို သိမ်းခဲ့ပြီး နောက် ယခုရက်ပိုင်းအတွင်း စီဗီးရိုဒွန်နက်ဆက်မြို့ရှိ ယူကရိန်းခံစစ်သမားများ လက်နက်ချစေရန် ကြိုးစားနေ သည်။

Source: Aljazeera