CNI International News

နယူးယောက်၊ ဇွန်လ ၁၆

ယူကရိန်းသို့ ရုရှား ဝင်ရောက် တိုက်ခိုက်သည့် ကျူးကျော်စစ်ကြောင့် ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းနှင့်ရင်ဆိုင်ရ၍ ကမ္ဘာတဝန်း ပြောင်းရွှေ့နေထိုင်သူဦးရေ သန်း ၁၀၀ ကျော်အထိ ပထမဆုံး စံချိန်တင်အောင် များပြားလာခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။ 

နောက်ထပ် လူအများအပြား မူလနေရပ်ကို စွန့်ခွာ၍ ထွက်ပြေး နိုင်ဖွယ်ရှိနေကြောင်း ကုလသမဂ္ဂ(UN)က သတိပေးထား သည်ဟု ဇွန်လ ၁၆ ရက် ရက်စွဲဖြင့် အေအက်ဖ်ပီသတင်းက ဖော်ပြထားသည်။ 

ယူကရိန်းစစ်ကြောင့် သိသိသာသာ ပိုမိုဆိုးရွားလာခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာ မလုံလောက်မှု အကျပ်အတည်းကို ရင်ဆိုင် ဖြေရှင်းရာ၌ ရွှေ့ပြောင်းနေထိုင်မှုအား တားဆီးရန်မှာ အရေးကြီးဆုံး ဖြစ်ကြောင်း UN ဒုက္ခသည်များဆိုင်ရာ (UNHCR) အကြီးအကဲဖြစ်သူ ဖီလစ်ပိုဂရန်ဒီက သတင်းထောက်များကို ပြောကြားခဲ့သည်။

ရွှေ့ပြောင်း မိသားစု တစ်စု(AP)

ကမ္ဘာ့နိုင်ငံ အတော်များများသို့ စားနပ်ရိက္ခာ တင်ပို့ရောင်းနေကျဖြစ်၍ “ပေါင်မုန့်ခြင်းတောင်း” ဟု တင်စား ခေါ်ဝေါ်ခဲ့ကြသော ယူကရိန်းကို ရုရှားက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဂျုံ၊ စပါးနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းများ ကမ္ဘာ့ဈေးကွက်ထဲတွင် အဆမတန် တက်သွားခဲ့ပြီး လူပေါင်း သန်းနှင့်ချီ၍ အငတ်ဘေးဆိုက်စေခဲ့သည်။

Source: AFP