CNI International News

ကိဗ်ယတ်၊ ဒီဇင်ဘာ ၁၀

ယူကရိန်းနိုင်ငံမှ တိုက်ခိုက်မှုများ ပိုမိုကျယ်ပြန့်လာပြီးနောက် ရုရှားနှင့်နေတိုးတို့အကြား စစ်ပွဲ တစ်ရပ်အသွင် ဆောင်လာမည်ကို စိုးရိမ်မိကြောင်း နေတိုး(NATO)အတွင်းရေးမှူးချုပ် ဂျန်းစ်စတိုတန်ဘာ့ဂျ်က သောကြာနေ့၌ အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

နည်းနည်း မှားလိုက်သည်နှင့် ဆိုးဆိုးရွားရွား အမှားများဖြစ်လာလိမ့်မည်ဟု ဂျန်းစ်စတိုတန်ဘာ့ဂျ် (Jens Stoltenberg)က နော်ဝေမီဒီယာတစ်ခုကို ပြောခဲ့သည်။

ယူကရိန်းမှာ ဆိုးရွားသည့် စစ်ပွဲတစ်ခု ပေါ်ပေါက်နေကြောင်း၊ ထိုစစ်ပွဲကြောင့် နေတိုးနှင့်ရုရှားတို့အကြား ကြီးမားသည့် စစ်ပွဲတစ်ခု ဖြစ်ပွားလာနိုင်ကြောင်း ၎င်းက ပြောသည်။

နေတိုး(NATO)အတွင်းရေးမှူးချုပ် ဂျန်းစ်စတိုတန်ဘာ့ဂျ်နဲ့ နော်ဝေမီဒီယာတစ်ခု အင်တာဗျူးလုပ်နေစဉ် (fb)

ထိုအခြေအနေကို ရှောင်လွဲဖို့ နေ့စဉ်လုပ်ဆောင်နေသည်ဟု ၎င်းက ဆက်ပြောသည်။ စတိုတန်ဘာ့ဂျ်သည် နော်ဝေဝန်ကြီး ချုပ်ဟောင်း တစ်ဦးဖြစ်သည်။

ယူကရိန်းစစ်ပွဲ၏ မီးပွားကူးစက်လာ နိုင်ခြေများစွာ ရှိကြောင်းနှင့် ဥရောပနိုင်ငံများပါ ပါဝင်လာသည့် စစ်ပွဲတစ်ပွဲ ဖြစ်မလာဖို့ တားဆီးရန် အရေးပါကြောင်း နေတိုးအကြီးအကဲက နော်ဝေမီဒီယာကို ပြောသည်။

သို့သော် ရုရှားဘက်က နေတိုးမဟာမိတ်များသည် ယူကရိန်းကို လက်နက်များ ထောက်ပံ့ခြင်း၊ တပ်ဖွဲ့ဝင်များ လေ့ ကျင့်ပေးခြင်းနှင့် ထောက်လှမ်းရေး အချက်အလက်များ မျှဝေခြင်းတို့နှင့် စစ်ပွဲတွင် ပါဝင်နေကြောင်း မကြာခဏ ပြောကြားသည်။

ဆိုဗီယက်နိုင်ငံဟောင်းများမှ ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီးများဖြင့် တွေ့ဆုံခဲ့ရာတွင်လည်း ပူတင်က အနောက်အုပ်စုသည် ရုရှားကို တိုက်ခိုက်ရန် ယူကရိန်းအား လက်နက်တစ်ခုအဖြစ် အသုံးချနေသည်ဟု ထပ်မံ စွပ်စွဲခဲ့ပြန်သည်။

ယူကရိန်းစစ်ပွဲအတွင်းက အပျက်အစီးကိုတွေ့ရစဉ် (AP) 

သို့သော် ယူကရိန်းဘက်က ၎င်းတို့သည် ရန်လိုသူ၊ မလိုလားအပ်သော ကျူးကျော်သူများကို ဆန့်ကျင်ကာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်သည်ဟု ပြောသည်။

ယူကရိန်းနိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ပြင်းထန်သော တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။

အဆိုပါ ဒေသများသည် စက်တင်ဘာလတွင် ရုရှားနိုင်ငံမှ ကျူးကျော်ထားသော ဒေသများလည်း ဖြစ်သည်။

သောကြာနေ့(ဒီဇင်ဘာ ၉ ရက်နေ့)မှ စတင်ရေတွက်လျှင် ၂၄ နာရီအတွင်း ရုရှားဘက်မှ ပစ်ခတ်မှုများကြောင့် အနည်းဆုံး အရပ်သား ၅ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ယူကရိန်းသမ္မတရုံးက ပြောသည်။

Source: AP