CNI Sport Article 

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၉

ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီး ဆော်ဒီကလပ် အယ်လ်ဟီလယ် အသင်းထံ ပြောင်းရွှေ့သွားခဲ့ပါတယ်။ 

နေမာအနေနဲ့ အသက် ၃၁ နှစ် အရွယ်သာရှိသေးတဲ့ အချိန်မှာ ဥရောပဘောလုံးလောကကို စွန့်ခွာပြီး ဆော်ဒီလိဂ် ကို ပြောင်းရွှေ့သွားခဲ့တာဟာ မယုံနိုင်စရာပါပဲ။ 

နေမာဟာ ဆော်ဒီကလပ်နဲ့ စာချုပ်ကုန်ဆုံးချိန်မှာ ဥရောပဘောလုံးလောကကို ပြန်လာနိုင်ပေမယ့် အရင်လို ခြေစွမ်းမျိုးတွေ ပြသနိုင်မလားဆိုတာတော့ အာမခံချက်မရှိတော့ပါဘူး။ 

တကယ်တော့ နေမာဟာ မက်ဆီ၊ ရော်နယ်ဒိုတို့ရဲ့နောက်ပိုင်း ဘောလွန်းဒီအော စင်မြင့်ထက်မှာ နေရာယူထား မယ့် ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့သူပါ။ 

ဒီလို သတ်မှတ်ခံရလောက်အောင်ကို နေမာရဲ့ ငယ်စဉ်ဘဝက စွမ်းဆောင်ရည်တွေဟာ တကယ်ကို ကောင်းမွန်ခဲ့ တာ ဖြစ်ပါတယ်။

နေမာဟာ ဆန်းတို့စ်အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အသင်းကြီးအများကြီးက စိတ်ဝင်စားခဲ့ပေမယ့် ဘာစီလိုနာအသင်းကို ရွေးချယ်ပြီး ပြောင်းရွှေ့သွားခဲ့တာပါ။

နေမာရဲ့ ပြောင်းရွှေ့မှုဟာ မှန်ကန်ခဲ့ပြီး ဘာစီလိုနာအသင်းမှာ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ အတွဲညီပြီး အောင်မြင်မှု တွေ အများကြီး ရယူနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း နေမာဟာ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့အတူ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ၃ ဦး စာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘာစီလိုနာမှာ နေမာ ကစားခဲ့စဉ်

ဘရာဇီးလ် ကစားသမားပီပီ နေမာဟာ ဘောလုံးကျွမ်းကျင်မှု ကောင်းမွန်ပေမယ့် နောင်တော်ကြီးတွေလိုပဲ အပျော်အပါးလည်း တော်တော်မက်တာပါ။ 

ပီအက်စ်ဂျီအသင်းဆီ နေမာဟာ ပြောင်းရွှေ့သွားချိန်မှာ ကစားသမားဘဝဟာ အနည်းငယ် ကျဆင်းသွားခဲ့သလို ဖြစ်ခဲ့ပါတယ်။ ဘရာဇီးလ် ကစားသမားဟာ ပီအက်စ်ဂျီအသင်းမှာ မကြာခဏ ဒဏ်ရာရပြီး အနားယူနေချိန်မှာ ပါတီပွဲတွေ ဆင်နွှဲလေ့ရှိတာပါ။ 

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ဖလားကို ရယူချင်တဲ့ အိပ်မက်ကြောင့် နေမာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ ကြေးပေးပြီး ခေါ်ယူခဲ့ပေမယ့် ဗိုလ်လုပွဲတစ်ကြိမ်သာ ရောက်ရှိအောင် ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

နေမာဟာ ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့တဲ့ ၆ ရာသီမှာ ပွဲအရေအတွက် အများဆုံးကစားခဲ့တဲ့ ရာသီကတော့ ၂၀၂၀-၂၁ ရာသီဖြစ်ပြီး ပွဲပေါင်း ၃၁ ပွဲ ကစားခဲ့တာပါ။ ဒါတွေကို ကြည့်လိုက်ရင် နေမာဟာ တစ်ရာသီကို ပွဲစဉ် ၁၀ ပွဲလောက်အထိ လွဲချော်ပြီး အနားယူနေတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဘရာဇီးလ် ကစားသမားဟာ ပါဝင်ကစားတဲ့ပွဲတွေမှာ အသင်းအတွက် အကောင်းဆုံး ကစားပေးနိုင်ခဲ့ပေမယ့် ပြိုင်ဘက် ကစားသမားတွေရဲ့ ပစ်မှတ်ဖြစ်ပြီး ဒဏ်ရာရလွယ်တာနဲ့ အပျော်အပါး မက်တာတွေကြောင့် ပီအက်စ်ဂျီ အသင်းဟာ နေမာကို စိတ်ကုန်သွားခဲ့တာပါ။ 

ဆော်ဒီကလပ်ကို ပြောင်းသွားတဲ့ နေမာကိုတွေ့ရစဉ်

အဲ့ဒါကြောင့်လည်း အခုနွေရာသီ အပြောင်းအရွှေ့မှာ နေမာကို အသင်းရဲ့ အစီအစဉ်တွေမှာ မထည့်သွင်းထားတော့ ဘဲ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ 

ပီအက်စ်ဂျီဟာ အသင်းကို ဂလန်ဂဆန်လုပ်ခဲ့တဲ့ ဘတ်ပီကိုတောင် အသင်းလူစာရင်းထဲ ပြန်ထည့်ခဲ့ပြီး နေမာကို အလိုမရှိတော့ကြောင်း ပြသသွားခဲ့တာပါ။ 

နေမာဟာ အခုအချိန်မှာတော့ ပီအက်စ်ဂျီ အသင်းမှာရခဲ့တဲ့ လုပ်ခလစာထက် ၆ ဆပိုပြီးရတဲ့ အယ်လ်ဟီလယ် အသင်းမှာ ကစားတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် နေမာဟာ ဥရောပမြေကို စွန့်ခွာခဲ့ချိန်မှာတော့ ကြီးကြီးမားမား အောင်မြင်မှု မရခဲ့ပါဘူး။

မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ဥရောပမြေကို စွန့်ခွာပြီး နယ်မြေအသစ်ကို သွားခဲ့တဲ့အချိန်မှာ ဆုဖလား အောင်မြင်မှု တွေနဲ့ တစ်ဦးချင်း အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့ကြပါတယ်။

မက်ဆီဆိုရင် ဘောလွန်းဒီအော ၇ ကြိမ်၊ ချန်ပီယံလိဂ်ဖလားနဲ့ ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့ပြီး ရော်နယ်ဒိုက ဘောလွန်းဒီအော ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား၊ ယူရိုချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

နေမာကို တွေ့ရစဉ်

နေမာအတွက်ကတော့ ကလပ်အသင်းအဆင့်မှာ အမြင့်ဆုံးအောင်မြင်မှုအဖြစ် ချန်ပီယံလိဂ်ဖလားသာ ရယူ နိုင်ခဲ့ပြီး နိုင်ငံအသင်း အဆင့်မှာလည်း ဖီဖာကွန်ဖက်ဒရေးရှင်းဖလားနဲ့ ရီယိုအိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ရယူ နိုင်ခဲ့တာပါ။ 

အဲ့ဒါကြောင့် နေမာဟာ အများကြီး မျှော်လင့်ခြင်းခံရတဲ့ သူအဖြစ်ကနေ ဖြစ်မလာခဲ့သူ တစ်ဦးအနေနဲ့ ဥရောပ မြေကို စွန့်ခွာခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် နေမာအနေနဲ့ ဆော်ဒီလိဂ်မှာ အောင်မြင်မှုတွေရယူပြီး သူ့ရဲ့ကစားသမားဘဝကို အကောင်းဆုံး ပြန်လည် တည်ဆောက်နိုင်မလား ဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။