CNI International News
ဒူဘိုင်း၊ သြဂုတ် ၂၂
ဆော်ဒီအာရေဗျနိုင်ငံ၏ နယ်ခြားစောင့်တပ်ဖွဲ့များသည် ယီမင်နိုင်ငံမှတစ်ဆင့် ဆော်ဒီသို့ ဝင်ရောက်ရန် ကြိုးပမ်းနေသည့် အီသီယိုးပီးယား ရွှေ့ပြောင်းနေထိုင်သူများကို စက်သေနတ်များ၊ မော်တာကျည်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ရာနှင့်ချီသည့် ရွှေ့ပြောင်းများ သေဆုံးဆုံးခဲ့ဖွယ်ရှိသည်ဟု လူ့အခွင့်အရေးစော့င့်ကြည့်ရေးအဖွဲ့ (Human Rights Watch- HRW) က သြဂုတ် ၂၁ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ရွှေ့ပြောင်းများ ဝင်ရောက်သည့် လမ်းကြောင်းများတွင် ဆော်ဒီစစ်သားများ၏ တိုက်ခိုက်မှု မျက်မြင်သတင်းများနှင့် လူသေအလောင်းများ၊ လူသေများကို မြှုပ်နှံသည့် သင်္ချိုင်းနေရာများ ရိုက်ကူးထားသည့် ဓာတ်ပုံများကို ကိုးကားပြီး HRW က ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ကုလသမဂ္ဂကလည်း ရွှေ့ပြောင်းများအပေါ် တိုက်ခိုက်သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆော်ဒီအာရေဗျကို ယခင်ကတည်းက မေးမြန်းခဲ့သလို ဆော်ဒီနှင့် ယီမင်နယ်စပ်တွင် တိုက်ခိုက်မှုများ မြင့်တက်နေမှုအပေါ်ကိုလည်း မေးခွန်း ထုတ်ခဲ့သည်။
အီသီယိုပီးယား ရွှေ့ပြောင်းများကို ဆော်ဒီက ပစ်သတ်တဲ့နေရာကို ပြသထားစဉ်
ဆော်ဒီအစိုးရ၏ အမည်မဖော်လိုသည့် ပြောရေးဆိုခွင့်ရှိသူကမူ HRW ၏ ထုတ်ပြန်ချက်သည် ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်များအပေါ် အခြေခံခြင်းမရှိဘဲ အခြေအမြစ်မရှိကြောင်း ပြောကြားခဲ့သည်။
ရွှေ့ပြောင်းများကို နယ်စပ်မှဖြတ်သန်းပြီး မှောင်ခိုကူးခြင်းဖြင့် သီတင်းတစ်ပတ်လျှင် ဒေါ်လာ သောင်းချီရနေသည့် ယီမင်၏ ဟူရ်သီ (Houthi) လက်နက်ကိုင် သူပုန်များကလည်း ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။
ဆော်ဒီတွင် အီသီယိုးပီးယား ရွှေ့ပြောင်းများ ၇၅၀,၀၀၀ ခန့်ရှိနေပြီး ၎င်းတို့အနက် ၄၅,၀၀၀ ခန့်သည် ဆော်ဒီသို့ တရားမဝင် ဝင်ရောက်ခဲ့သူများ ဖြစ်သည်ဟု နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ (International Organization for Migration) ၏ ၂၀၂၂ ခုနှစ် အချက်အလက်များတွင် ဖော်ပြခဲ့သည်။
ဆော်ဒီနယ်ခြားစောင့်တပ်ကို တွေ့ရစဉ်
အီသီယိုးပီးယားနိုင်ငံမြောက်ပိုင်း တီဂရေး (Tigray) ဒေသတွင် နှစ်နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့သဖြင့် လူပေါင်းသောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
လူငယ်အလုပ်လက်မဲ့နှုန်း မြင့်တက်နေသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့် ဆော်ဒီသည် အစိုးရ၏ အစီအစဉ်ဖြင့် ထောင်နှင့်ချီသည့် အီသီယိုးပီးယားရွှေ့ပြောင်းများကို နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ မတ်လမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအကြား ဆော်ဒီနယ်စပ်ကို ဖြတ်ပြီး နိုင်ငံအတွင်း ဝင်ရောက်ရန် ကြိုးပမ်းခဲ့ သည့် အီသီယိုးပီးယားရွှေ့ပြောင်း ၃၈ ဦးနှင့် ၎င်းတို့၏ ဆွေမျိုး လေးဦး၏ ပြောကြားချက်အရ ဆော်ဒီ နယ်ခြားစောင့်တပ်ဖွဲ့များသည် ရွှေ့ပြောင်းများကို သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု သိရကြောင်း HRW က ထုတ်ပြန်ခဲ့သည်။
Source: အေပီ