CNI International News

ဆိုးလ်၊ ဩဂုတ် ၁၄

တောင်ကိုရီးယား သမ္မတကတော်ဟောင်း ကင်မ် ကွမ်ဟီး (Kim Keon Hee) သည် စတော့ရှယ်ယာ စျေးကွက်ကို ကြိုးကိုင်ချယ်လှယ်မှု၊ လာဘ်စားမှုများ အပါအဝင် စွဲချက် အများအပြားဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ကင်မ်သည် ဩဂုတ် ၁၂ ရက်က ဆိုလ်းတရားရုံးတွင် ပြုလုပ်ခဲ့သည့် ၄ နာရီကြာ ကြားနာစစ်ဆေးမှုအတွင်း စွဲချက် အားလုံးကို ငြင်းဆိုခဲ့သည်။

သို့သော် တရားရုံးက ကင်မ်ကို သက်သေ အထောက်အထားများ ဖျက်ဆီးနိုင်သဖြင့် ဖမ်းဆီး ထိန်းသိမ်းထားရန် ဝရမ်းထုတ်ခဲ့သည်။

တောင်ကိုရီးယားတွင် သမ္မတဟောင်းများသည် စွပ်စွဲပြစ်တင်ခံရခြင်း၊ အကျဉ်းချခံရခြင်းတို့ ရှိခဲ့သော်လည်း သမ္မတကတော်ဟောင်းကို ဖမ်းဆီးထိန်းသိမ်းခြင်းသည် ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။

တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆော့ရွဲ (Yoon Suk Yeol)သည် ပြီးခဲ့သည့်နှစ်က အောင်မြင်ခြင်း မရှိသည့် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုကြောင့် ရာထူးမှ ဖယ်ရှားခံရကာ စွဲချက်အများအပြားဖြင့် တရားရင်ဆိုင် နေရ သည်။

တောင်ကိုရီးယားသမ္မတ‌ဟောင်း ယွန်းဆော့ရွဲနဲ့ ဇနီး ကင်မ်ကွမ်ဟီးကို တွေ့ရစဉ်

ကင်မ်(၅၂ နှစ်)သည် တောင်ကိုရီးယားရှိ BMW ကားများ ရောင်းချသည့် Deutsch Motors ကုမ္ပဏီ၏ စတော့ရှယ်ယာများ အပါအဝင် စျေးကွက်ကို ကြိုးကိုင်ချယ်လှယ်ခဲ့ပြီး ဝမ်သန်း ၈၀၀ (ဒေါ်လာ ၅၇၇,၉၄၀) ရရှိခဲ့သည်ဟု အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

ထိုအမှုသည် ယွန်းဆော့ရွဲ့ သမ္မတမဖြစ်ခင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သဖြင့် ယွန်း၏ သမ္မတသက်တမ်း တစ်လျှောက် လုံးတွင် ထိုဖြစ်စဉ်များ ဆက်လက် ဖြစ်ပွားဖွယ် ရှိ၊မရှိ သံသယ အဖြစ်ခံထားရသည်။

ထို့ပြင် ကင်မ်သည် အငြင်းပွားဖွယ် ပြန်လည်ပေါင်းစည်းရေး ဘုရားကျောင်းထံမှ Chanel အမှတ်တံဆိပ် လက်ကိုင်အိတ် ၂ ခု၊ စိန်ဘယက် တစ်ခုတို့ကို လက်ခံရယူခဲ့ပြီး အပြန်အလှန်အနေဖြင့် ထိုဘုရားကျောင်းကို စီးပွားရေးလုပ်ငန်းများ လုပ်ခွင့်ပေးခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

အခြားစွဲချက်များတွင် ကင်မ်သည် ၂၀၂၂ ခုနှစ်က လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပြီးခဲ့သည့်နှစ်က အထွေထွေရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုများကို ကြားဝင်စွက်ဖက်ခဲ့သည်ဟုလည်း စွပ်စွဲခံခဲ့ရသည်။

ကင်မ်သည် ဩဂုတ် ၁၂ ရက်က ပြုလုပ်ခဲ့သည့် ကြားနာစစ်ဆေးမှုကို အနက်ရောင် ဝတ်စုံ ဝတ်ဆင်လာပြီး တရားခွင်တွင် တည်ငြိမ်စွာ ရှိနေခဲ့သည်ဟု ဆိုသည်။

“ကျမဟာ အရေးကြီးတဲ့လူ မဟုတ်ပေမယ့် အခုလို ပြဿနာတွေ ဖြစ်စေခဲ့လို့ အနူးအညွတ် တောင်းပန်ပါတယ်” ဟု ကင်မ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

Source: South China Morning Post