CNI International News

ဆိုးလ်၊ ဩဂုတ် ၃၀

တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆော့ရွဲ(Yun Suk Yeol)၏ ဇနီးဖြစ်သည့် သမ္မတကတော်ဟောင်း ကင်မ်ကွမ်ဟီး (Kim Keon Hee) ကို လာဘ်ပေးလာဘ်ယူမှု အပါအဝင် အခြားပြစ်မှုများဖြင့် စွဲချက်တင်ခဲ့ကြောင်း အထူးအစိုးရရှေ့နေအဖွဲ့က ဩဂုတ် ၂၉ ရက်၌ ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ထို့ကြောင့် ကင်မ်သည် တောင်ကိုရီးယားနိုင်ငံ သမိုင်းတွင် စွပ်စွဲပြစ်တင်ခံရသည့် ပထမဆုံး သမ္မတကတော် ဟောင်း တစ်ဦးအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ယွန်း၏ အောင်မြင်ခြင်း မရှိခဲ့သည့် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနှင့်ပတ်သက်ပြီး ပြစ်မှုများကို အစိုးရရှေ့နေများက စုံစမ်းစစ်ဆေးခဲ့ပြီးနောက် သမ္မတသစ် လီဂျေမြောင် (Lee Jae Myung) လက်ထက်တွင် ယွန်း၏ အတွင်းစည်းမှ လူပုဂ္ဂိုလ်များကို အထူးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

လက်ရှိတွင် ယွန်းနှင့် ကင်မ်တို့သည် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ယွန်းသည် ပုန်ကန်မှု အပါအဝင် အခြား စွဲချက်များနှင့် တရားရင်ဆိုင်နေရသည်။

ထို့ပြင် ကာကွယ်ရေးဝန်ကြီးဟောင်း၊ လုံခြုံရေးဝန်ကြီးဟောင်းနှင့် အခြား စစ်တပ် ထိပ်သီးတပ်မှူးများ၊ ရဲအရာရှိ များသည်လည်း ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုတွင် အလိုတူ အလိုပါအဖြစ် စွပ်စွဲခံခဲ့ရပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရသည်။

တောင်ကိုရီးယား သမ္မတကတော်ဟောင်း ကင်မ်ကွမ်ဟီးကို တွေ့ရစဉ် 

ကင်မ်သည် စီးပွားရေးလုပ်ငန်းရှင်များထံမှ လာဘ်ငွေများ လက်ခံခဲ့သဖြင့် နိုင်ငံရေးရန်ပုံငွေအက်ဥပဒေ၊ ရင်းနှီးငွေ စျေးကွက်များဆိုင်ရာ အက်ဥပဒေတို့ကို ချိုးဖောက်ခဲ့ကြောင်း အစိုးရရှေ့နေများက စွပ်စွဲခဲ့သည်ဟု Korea Herald  သတင်းတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ကင်မ်သည် အငြင်းပွားဖွယ် ပြန်လည်ပေါင်းစည်းရေး ဘုရားကျောင်းထံမှ Chanel အမှတ်တံဆိပ် လက်ကိုင်အိတ် ၂ ခု၊ စိန်ဘယက် တစ်ခုတို့ကို လက်ခံရယူခဲ့ပြီး အပြန်အလှန်အနေဖြင့် ထိုဘုရားကျောင်းကို စီးပွားရေးလုပ်ငန်းများ လုပ်ခွင့်ပေးခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

အခြားစွဲချက်များတွင် ကင်မ်သည် ၂၀၂၂ ခုနှစ်က လွှတ်တော်ကြားဖြတ် ရွေးကောက်ပွဲနှင့် ပြီးခဲ့သည့်နှစ်က အထွေထွေ ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုများကို ကြားဝင်စွက်ဖက်ခဲ့သည်ဟုလည်း စွပ်စွဲခံခဲ့ရသည်။  

ထို့ပြင် အစိုးရရှေ့နေများသည် ဩဂုတ် ၂၉ ရက်ကလည်း ဝန်ကြီးချုပ်ဟောင်း ဟန်ဒွတ်ဆူး (Friday) ကို ယွန်း၏ အမှုတွင် ကြံရာပါအဖြစ် အားပေးကူညီမှု၊ မုသားသက်သေခံ ထွက်ဆိုမှုများဖြင့် စွဲချက်တင်ခဲ့သည်။

Source: DW