CNI International News

လန်ဒန်၊ ဇွန်လ ၁

ဗြိတိန်အစိုးရသည် ဂျပန်၊ အီတလီတို့နှင့် ပူးတွဲတီထွင်နေသော မျိုးဆက်သစ် တိုက်လေယာဉ် စီမံကိန်းအတွက် ရန်ပုံငွေကို မကြာမီ အတည်ပြုပေးရန် ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

အဆိုပါ မျိုးဆက်သစ် တိုက်လေယာဉ် စီမံကိန်းကို ဂျာမနီနှင့် ကနေဒါကဲ့သို့ မဟာမိတ် နိုင်ငံများကလည်း ပူးပေါင်းပါဝင်ရန် စိတ်ဝင်စားနေသည်။

ကမ္ဘာလုံးဆိုင်ရာ တိုက်ပွဲဝင် လေကြောင်း စီမံကိန်း (Global Combat Air Programme - GCAP) ဟု အမည် ပေးထားသည့် ထိုတိုက်လေယာဉ် စီမံကိန်းအရ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်များကို ၂၀၃၅ ခုနှစ်တွင် စတင် ပျံသန်း အသုံးပြုနိုင်ရန် ရည်မှန်းထားသည်။

ထိုတိုက်လေယာဉ်များကို ဗြိတိန်နှင့် အီတလီတို့ လက်ရှိ အသုံးပြုနေသော Eurofighter Typhoon တိုက်လေယာဉ်များ၊ ဂျပန်က အသုံးပြုနေသည့် F-2 တိုက်လေယာဉ်များ နေရာတွင် အစားထိုးမည်ဖြစ်သည်။

ဗြိတိန်-ဂျပန်-အီတလီ ပူးတွဲထုတ်မယ့် တိုက်လေယာဉ် ဒီဇိုင်းကို တွေ့ရစဉ်

ထိုစီမံကိန်းကို အရှိန်အဟုန်ဖြင့် ရှေ့ဆက်နိုင်ရန်အတွက် ဗြိတိန်အစိုးရ အနေဖြင့် ယခုနှစ် (၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်) အတွင်း ရန်ပုံငွေဆိုင်ရာ အတည်ပြုချက်ကို အပြီးသတ် ချမှတ်ရမည်ဖြစ်သည်။

သို့သော် ဗြိတိန်အစိုးရသစ် တက်လာပြီးနောက် နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်နှင့် မဟာဗျူဟာကို ပြန်လည် စစ်ဆေးနေခြင်းကြောင့် ဘီလီယံနှင့်ချီတန်ဖိုးရှိသော စီမံကိန်းအပေါ် ရန်ပုံငွေ အပြည့်အဝ စိုက်ထုတ်နိုင်မည် ဟုတ်၊ မဟုတ် သံသယများ ထွက်ပေါ်လာခဲ့သည်။

ဗြိတိန်ဘက်က ဘဏ္ဍာရေး အာမခံချက်ပေးရန် ကြန့်ကြာနေပါက ၂၀၃၅ ခုနှစ် ရည်မှန်းချက်ကို အပြီးမသတ်နိုင် တော့ဘဲ စီမံကိန်းတစ်ခုလုံး နှောင့်နှေးသွားမည်ကို ဂျပန်နှင့် အီတလီနိုင်ငံတို့က စိုးရိမ်နေကြသည်။

ဥရောပနှင့် မြောက်အတ္တလန္တိတ်ဒေသ၏ လုံခြုံရေး အခြေအနေများကြောင့် ဂျာမနီနှင့် ကနေဒါနိုင်ငံတို့ကလည်း GCAP စီမံကိန်းတွင် အဖွဲ့ဝင်အဖြစ် သို့မဟုတ် နည်းပညာပူးပေါင်း ဆောင်ရွက်သူအဖြစ် ပါဝင်ရန် စိတ်ဝင်စားနေ သည်။

ဆော်ဒီအာရေဗျနိုင်ငံသည်လည်း ထိုစီမံကိန်းတွင် ငွေကြေး အမြောက်အမြား စိုက်ထုတ်ပြီး အဓိက မိတ်ဖက် အဖြစ် ပါဝင်ရန် အစောပိုင်း ကတည်းက ကမ်းလှမ်းထားသည်။

Source: Nikkei Asia