CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄

ကယား(ကရင်နီ)ပြည်နယ်၊ မိုးဗြဲမြို့ပေါ်တွင် ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ကရင်နီ လက်နက် ကိုင်များ ပူးပေါင်းအဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့် တိုက်ပွဲရှောင် ၄ ထောင်ကျော်ရှိ လာပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ကရင်နီပြည်နယ် လူ့ အခွင့်အရေးအဖွဲ့မှ ကိုဗညား က CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့က စတင် ဖြစ်ပွားခဲ့သော တိုက်ပွဲသည် ယနေ့ (စက်တင်ဘာ ၁၄ ရက်)အထိ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ရှိနေသေးကြောင်း ၎င်းက ပြောသည်။

ကိုဗညားက “လောလောဆယ် ကျနော်တို့ Update ပေါ့နော်၊ နောက်ဆုံး ရတာကတော့ ထိခိုက်ဒဏ်ရာ ရတာက ၆ ယောက် ဖြစ်သွားတယ်၊ အရပ်သားပေါ့နော် ၆ ယောက်၊ နောက်ပြီးတော့မှ ၇ နှစ်အရွယ် သားလေး တစ်ယောက် ကတော့ ဆုံးသွားတာပေါ့။ ဒါကတော့ လူထိခိုက်မှုပုံစံ ဖြစ်တာပေါ့နော်၊ နောက်ပြီးတော့မှ အခုလက်ရှိချိန်ထိ မြေပြင်ရှိနေတဲ့ တချို့ Volunteer (စေတနာ့ဝန်ထမ်း) တချို့၊ မိတ်ဆွေတွေရဲ့ အသံကနေ တဆင့်ပေါ့၊ သူတို့ ပြော ကြားချက်အရ ပြန်ကြည့်မယ်ဆိုရင်တော့ လူဦးရေတော့ ၅၀၀၀ ဝန်းကျင်တော့ ပြေးလိမ့်မယ်လို့ သူတို့က ခန့်မှန်း တယ်၊ ဒါပေမဲ့ နည်းနည်းပြောရခက်တာက မိုးဗြဲမှာ အခုချိန်ထိလည်း နည်းနည်းလေး စစ်ရေးတင်းမာမှုတွေ ရှိသေး တာပေါ့၊ တချို့ပစ္စည်းတွေ ရွှေ့ခိုင်းတာ ကျနော်တို့ အသံတွေ ကြားတယ်၊ စစ်ရေးဘယ်လိုလာမလဲ မသိသေးဘူး ပေါ့နော်၊ အဲဒီတစ်ခုရှိတော့ အကယ်၍ ဒီအတိုင်း ဆက်ဖြစ်မယ်ဆိုရင်တော့ လူဦးရေ သောင်းဂဏန်း ဖြစ်သွားနိုင် တာပေါ့၊ အခုတောင်မှ ကျနော်တို့ မြို့ပေါ်ရပ်ကွက် နီးပါးဖြစ်တာပေါ့နော်၊ မြို့အပြင်လေးနားမှာပေါ့နော်၊ ရပ်ကွက် ပေါ့၊ အဲဒီလိုမျိုးဖြစ်တော့ လောလောဆယ်တော့ ကျနော်တို့ အဲဒီလောက်အထိပဲ Confirm လို့ ရပါသေးတယ် ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကရင်နီတိုက်ပွဲရှောင်များ နေဖို့ ဆောက်လုပ်နေစဉ်(ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

အဆိုပါ တိုက်ပွဲရှောင်များမှာ လွိုင်ကော်မြို့နှင့် အခြား နီးစပ်ရာများသို့ တိမ်းရှောင်နေရကြောင်း၊ စားနပ်ရိက္ခာနှင့် နေရာ အခက်အခဲ ရှိနေကြောင်း ၎င်းက ပြောသည်။

မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်ခဲ့ခြင်းကြောင့် ဒေသခံများသည် မိမိတို့၏ လယ်ယာများနှင့် လုပ်ငန်းခွင်များမှ ရုတ်တရက် ထွက်ပြေးခဲ့ရကြကြောင်း၊ တိုက်ပွဲမှာ ရက်ဆက် ဖြစ်နေသည့်အတွက် မိမိတို့ နေအိမ်ကို ပြန်ဝင်၍ မရဘဲ စားဝတ်နေရေးပိုင်း အခက်အခဲရှိနေကြောင်း လွိုင်ကော်မြို့သို့ တိုက်ပွဲရှောင်လာသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြည်သူတွေလည်း ခက်ခဲကြတယ်ပေါ့။ တချို့တွေက တချို့ အဖွဲ့အစည်းတွေက ဘယ်လောက်ပဲ စစ်ရှောင်တွေကို ဦးတည်ပြီးတော့ သွားတယ်ပြောပြော အကုန်လုံးလက်လှမ်းမမီနိုင်ဘူးလေ၊ အကုန်လုံး ကာဗာ မိအောင် မသွားနိုင်တဲ့ အနေအထား ရှိတယ်ပေါ့နော်၊ ပြောစရာတော့ မရှိပေမယ့် လုပ်နိုင်တဲ့ အဖွဲ့အစည်းတွေ ရှိရင်တော့ ကျမတို့ ကရင်နီပြည်မှာရှိတဲ့ စစ်ရှောင်တွေကို နည်းနည်းဖြစ်ဖြစ်၊ များများဖြစ်ဖြစ် ဆိုင်ရာဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ပြီးတော့ စစ်ရှောင်တွေအတွက် Support ပေးတာတွေပေါ့နော်၊ ထောက်ပံ့ရေး သွားတာ တွေ စားနပ်ရိက္ခာ လုပ်တာတွေ အဲဒါတွေကို လုပ်ပေးစေချင်တယ်လေ၊ ဘာလို့လဲဆို ကျမတို့က အကုန်လုံးကို လက်လှမ်းမီနိုင်တဲ့ အနေအထားတွေ တချို့အဖွဲ့အစည်းတွေက ရှိမနေဘူး။ တချို့က လုပ်တော့ လုပ်နေပေမယ့် လည်း ကျန်တဲ့သူတွေလည်း ကျန်တဲ့ အနေအထားတွေ ရှိတယ်လေ၊ ကျမတို့က အချင်းချင်း အကုန်လုံးကို ပြန်ပြီး တော့ ကာဗာမိအောင် သွားဖို့ဆိုတာ နည်းနည်းခက်ခဲတဲ့ အနေအထားတွေ ရှိလို့ပေါ့နော်၊ တစ်ခုလေးတော့ အလှူ ရှင်တွေ ရှိတယ်ဆိုရင်လည်း စစ်ရှောင်တွေကို နည်းနည်း ရိက္ခာနဲ့ ပတ်သက်တာတွေ များများဝင်ပေးဖို့အတွက် တောင်းဆိုချင်တယ်” ဟု ပြောသည်။

မိုးဗြဲတိုက်ပွဲရှောင်များကိုတွေ့ရစဉ် (ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် မြန်မာ့တပ်မတော်က အာဏာယူပြီးနောက်ပိုင်း ကယား (ကရင်နီ) ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီ တပ်မတော် (KA)၊ မိုးဗြဲ (PDF)၊ ဖယ်ခုံ(PDF)၊ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု (KRU) တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများကြောင့် ကယား(ကရင်နီ)ပြည်နယ်တွင် တိုက်ပွဲရှောင် လူဦးရေ ၂ သိန်းနီးပါးရှိနေပြီး အရပ်သား သေဆုံးမှု ၃၀၀ ကျော်ရှိနေကြောင်း ကရင်နီပြည်နယ်လူအခွင့်အရေးအဖွဲ့မှ ကိုဗညားက ပြောသည်။