CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၁၄

ထိုင်ဝမ်သို့ ကျူးကျော်ဝင်ရောက်ခြင်းမှ ဟန့်တားနိုင်ရန်အတွက် တရုတ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု ချမှတ်ရန် အမေရိကန် စဉ်းစားနေကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ရေးသားဖော်ပြသည်။

အလားတူ ဥရောပသမဂ္ဂ (EU) ကလည်း တစ်ချိန်တည်းမှာပင် တိုင်ပေအစိုးရနှင့်ပတ်သက်၍ သံတမန်ရေးအရ ဖိအားပေးမှုများ ပြုလုပ်ရန် ဆွေးနွေးနေကြောင်း ၎င်းတို့နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ကွန်ပျူတာ chip များနှင့် တယ်လီကွန်ပစ္စည်းများကဲ့သို့ အရေးကြီးသော နည်းပညာများအတွက် တရုတ်နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုအချို့ကို ကန့်သတ်တားဆီးရန် အနောက်နိုင်ငံများအနေဖြင့် အရေးယူပိတ်ဆို့မှုများ ချမှတ်ဖို့ အမေရိကန်နှင့် EU တို့က စိတ်ကူးနေကြသည်။

ထိုသို့စိတ်ကူးများအကြောင်းအသေးစိတ်ကို သတင်းရင်းမြစ်များက ထုတ်ဖော်မပြောသော်လည်း ကမ္ဘာ့ဒုတိယ အကြီးဆုံးစီးပွားရေးနှင့် ကမ္ဘာ့အကြီးဆုံးထောက်ပံ့ရေးကွင်းဆက်တို့ တည်ရှိသည့် တရုတ်အပေါ် ပိတ်ဆို့ အရေးယူ ဖို့ စိတ်ကူးအတွက် ဖြစ်နိုင်ခြေ ရှိ/မရှိ မေးခွန်းများလည်း ပေါ်ထွက်လာခဲ့သည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီနှင့် ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်တို့ တိုင်ပေရှိ သမ္မတရုံးတွင် တွေ့ဆုံခဲ့ကြစဉ်(ဓါတ်ပုံ-ထိုင်ဝမ်သမ္မတရုံး)

“တရုတ်ကို ဒဏ်ခတ်ပိတ်ဆို့ဖို့က ရုရှားအပေါ် ပိတ်ဆို့တာထက် ပိုပြီး ရှုပ်ထွေးတဲ့ အစီအမံဖြစ်လိမ့်မယ်။ တရုတ် စီးပွားရေးကို အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေက ကျယ်ကျယ်ပြန့်ပြန့် ဆက်စပ်လုပ်ကိုင်နေရတာလေ” ဟု အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာန အကြီးတန်းအရာရှိဟောင်း နာဇက်နီကာခါတာ (Nazak Nikakhtar) က ပြောကြားခဲ့သည်။

ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်နယ်မြေဟု ကြေညာခဲ့သော တရုတ်သည် ပြီးခဲ့သည့်လ၌ ထိုင်ဝမ်ကျွန်းပေါ်ကို ဖြတ် ကျော်၍ ဒုံးကျည်များ ဆက်တိုက်ပစ်လွှတ်ခဲ့သည်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကို တရုတ်က ရန်စမှုအဖြစ် မှတ်ယူ၍ ယင်းကဲ့သို့ တုံ့ပြန်ခဲ့သည်။ ထို့ပြင် ၎င်း၏ပိုင်နက်မဟုတ်သော ပင်လယ်ရေပြင်နယ်နိမိတ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး တရုတ်စစ်သင်္ဘောများ ခုတ်မောင်းခဲ့သည်။

ဒီမိုကရေစီနည်းကျ ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းကို ဘေဂျင်း၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က အခိုင်အမာပြောကြားခဲ့သော်လည်း အင်အားသုံးခြင်းရှိမည်မဟုတ်ဟု ငြင်းဆိုထား သည်။

ရှီသည် လာမည့်လတွင် ကျင်းပမည့် ကွန်မြူနစ်ပါတီကွန်ဂရက်အစည်းအဝေးတွင် ၅ နှစ်ကြာ ဦးဆောင်မှု တတိယ အကြိမ်မြောက် သက်တမ်းကို ဆက်လက်ရယူရန် စီစဉ်ထားသည်။

ထိုင်ဝမ်အစိုးရကတော့ တရုတ်၏အချုပ်အခြာအာဏာကို အတိအလင်း ပယ်ချထားသည်။

Source: Aljazeera