ကမ္ဘာ့အန္တရာယ်ကို ပူးပေါင်းဖြေရှင်းဖို့ UN တိုက်တွန်း

CNI International News

နယူးယောက်၊ စက်တင်ဘာ ၁၄

ကမ္ဘာ့အန္တရာယ်ကို စည်းလုံးညီညာစွာဖြင့် ပူးပေါင်းဖြေရှင်းကြဖို့ ကုလသမဂ္ဂ (UN) အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်က မေတ္တာရပ်ခံ တိုက်တွန်းလိုက်ကြောင်း အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

စက်တင်ဘာ ၁၃ ရက်တွင် ကျင်းပသည့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ဖွင့်ပွဲ အခမ်း အနားတွင် ဂူတာရက်စ်က အထက်ပါအတိုင်း မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကျနော်တို့ လုပ်ငန်းဆောင်တာ တွေ ဆောင်ရွက်နေရင်းမှာပဲ ကမ္ဘာတဝန်း အန္တရာယ် ကြုံနေရပါတယ်” ဟု လက်ရှိပဋိပက္ခများ၊ ရာသီဥတု ပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှု၊ သာတူညီမျှ မရှိမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ခွဲခြားထားမှုများကို ရည်ညွှန်း၍ ဂူတာရက်စ် က ပြောကြားခဲ့သည်။

အထွေထွေညီလာခံ ဖွင့်ပွဲမတိုင်မီ ၎င်းက “ဘုံစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ကျနော်တို့ဟာ ဒီ (UN) အဖွဲ့အစည်းရဲ့ ကြီးမားတဲ့ ကတိကဝတ်နဲ့ အလားအလာကို ထုတ်ပြခြင်းအားဖြင့် ဆက်လက် စည်းလုံးညီညာနေဖို့ လိုပါလိမ်မယ်” ဟု ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ် ကုလမှာ မိန့်ခွန်းပြောစဉ် (UN)

လာမည့် သီတင်းပတ်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပမည့် အထွေထွေညီလာခံသို့ ကမ္ဘာ့နိုင်ငံ အသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအကြီးအကဲများ တက်ရောက်ကြပြီး အလှည့်ကျ မိန့်ခွန်း ပြောကြမည် ဖြစ်သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ်လည်း မော်စကိုမှ တောင်းဆိုထားသည့် ကိုယ်စားလှယ်ထက်ဝက်ဖြင့် နှစ်စဉ် အထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန်ပြည်ဝင်ခွင့်(ဗီဇာ) ရရှိထားကြောင်းလည်း ရုရှား သံတမန် သတင်းရင်းမြစ် တစ်ခုက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ရုရှားနိုင်ငံဆိုင်ရာ UN သံအမတ်ကြီး ဗာစီလီနီဗန်ဇညာက ယခုစက်တင်ဘာ ၂ ရက်၌ ဂူတာရက်စ်ထံသို့ ပေးစာ တစ်စောင် ပို့ခဲ့ပြီး မော်စကိုအနေဖြင့် အမေရိကန်ပြည်ဝင်ခွင့် ဗီဇာ ၅၆ ခု တောင်းခံခဲ့သည်။

ထိုသို့ တောင်းခံခြင်းအပေါ် အမေရိကန်က ဗီဇာ ၂၄ ခု ခွင့်ပြုပေးခဲ့ကြောင်း အဆိုပါ ရုရှားသံတမန် သတင်းရင်းမြစ် က ဆက်လက် ပြောကြားခဲ့သည်။

ကမ္ဘာ့အန္တရာယ် ပုံဖော်မှု (GETTY IMAGES)

၁၉၄၇ ခုနှစ်၊ UN ဌာနချုပ် သဘောတူညီချက်အရ နိုင်ငံခြားသံတမန်များ UN အစည်းအဝေးများသို့ တက်ရောက် နိုင်ရန်အတွက် အမေရိကန်၏ ပြည်ဝင်ခွင့်ကိစ္စမှာ ယေဘုယျအားဖြင့် လိုအပ်သည်။

သို့သော် လုံခြုံရေး၊ အကြမ်းဖက်မှုနှင့် နိုင်ငံခြားရေးမူဝါဒတို့ကြောင့် ဗီဇာများကို ငြင်းပယ်နိုင်ကြောင်း ဝါရှင်တန် အစိုးရက ပြောကြားထားသည်။

အမေရိကန်နှင့်ရုရှားတို့ ဗီဇာကိစ္စ ဆွေးနွေးခဲ့ကြကြောင်း UN က ယခုလ အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အိမ်နီးချင်း ယူကရိန်းကို မော်စကို ကျူးကျော်ပြီး ကတည်းက အမေရိကန်-ရုရှား ဆက်ဆံရေး ပြတ်တောက်သွားခဲ့သည်။

ယခုလာမည့် UN အထွေထွေညီလာခံ၏ အဆင့်မြင့် အစည်းအဝေးများကို စက်တင်ဘာ ၂၀ ရက်တွင် နယူးယောက်မြို့တွင် စတင်ကျင်းပမည်ဖြစ်သည်။

Source: Aljazeera