CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ကယားပြည်နယ်စပ် မိုးဗြဲမြို့ရှိ မွေတော်ဘုရားကျောင်းတွင် တိုက်ပွဲရှောက်နေသူများ၏ နေရာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ကလေးငယ်(မောင်နှမ)၂ ဦးနှင့် အမျိုးသား ၂ ဦး သေဆုံး သွားကြောင်း စက်တင်ဘာ ၁၆ ရက်တွင် Mobye Rescue Team က ထုတ်ပြန်ထားသည်။

Mobye Rescue Team က “မိုးဗြဲပြည်သူများ အနေဖြင့် လူစုလူဝေးများ ရှောင်ရှားပေးပါရန်နှင့် လုံခြုံသောနေရာတွင် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်”ဟု ပြောသည်။

စက်တင်ဘာ ၁၆ ရက်နေ့က မြန်မာ့တပ်မတော်မှ ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်သည် မိုးဗြဲမွေတော်ဘုရားကျောင်း အတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၁၃ ဦး ထိမှတ်ခဲ့ပြီး အသက် ၁၀ နှစ်အောက် ကလေးငယ်(မောင်နှမ) ၂ ဦးနှင့် အသက် ၅၀ ကျော် အမျိုးသား ၂ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု Mobye Rescue Team က ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်က လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားသူ ၄ ဦးရုပ်အလောင်းကိုတွေ့ရစဉ် (Mobye Rescue Team)

မိုးဗြဲမြို့အတွင်းမှာ စက်တင်ဘာ ၈ ရက်နေ့က မြန်မာ့တပ်မတော်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ကရင် နီတပ်မတော်(KA)၊ ဖယ်ခုံ PDF၊ မိုးဗြဲ PDF ၊ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) ပူးပေါင်းအဖွဲ့တို့ကြား စက်တင်ဘာ ၁၃ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထို့နောက် နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိပြီး အချိန်မရွေး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာမည့်အခြေအနေအတွက် စစ် ရေး ပြင်ဆင်မှုများ လုပ်နေကြသည်။

စက်တင်ဘာ ၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မိုးဗြဲတိုက်ပွဲရှောင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၄၀၀၀ ကျော်ရှိကြောင်း သိရသည်။