CNI International News

ဘေဂျင်း၊ စက်တင်ဘာ ၁၆

ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမျှ စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိသလို တရုတ်နိုင်ငံ အနေ ဖြင့်လည်း ပြည်ပဝင်ရောက်စွက်ဖက်မှုကို သည်းခံနေမည် မဟုတ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးပြင်ပ၌ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်နှင့် သီးခြား တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၅ ရက်၌ ဥဇဘက်ကစ္စတန်နိုင်ငံ၊ ဆမာခန်မြို့တော်သို့ ရှီကျင့်ဖျင် ရောက်ရှိလာခဲ့ပြီးနောက် ပူတင် နှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့သည်။

“ထိုင်ဝမ်လွတ်လပ်ရေးအတွက် ရပ်တည်တဲ့ ခွဲထွက်ရေး အင်အားစုတွေကို တရုတ်က ပြင်းပြင်းထန်ထန် ဆန့်ကျင် ပါတယ်။ ပြည်ပ ဝင်ရောက် စွက်ဖက်မှုကိုလည်း ဆန့်ကျင်ပါတယ်။ ထိုင်ဝမ်အရေးမှာ ဘယ်နိုင်ငံကမျှ တရား သူကြီးလုပ်ပြီး စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး” ဟု ရှီကျင့်ဖျင်က အတိအလင်း ပြောကြားခဲ့သည်။

ပူတင်နဲ့ရှီကျင့်ဖျင် ဆွေးနွေးနေစဉ် (AP)

 

ရုရှားသမ္မတ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ၂၄ ကြိမ်မြောက် ဆောင်းရာသီ (ဘေဂျင်း) အိုလံပစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည့် လွန်ခဲ့သော ဖေဖော်ဝါရီလ၌ တစ်ကြိမ် တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။

ချန်ကေရှိတ် (၁၈၈၇-၁၉၄၅) ဦးဆောင်သော လက်ကျန် ကူမင်တန်တပ်ဖွဲ့များ တရုတ်ပြည်တွင်းစစ်၌ အရေးနိမ့်ပြီး နောက် ထိုင်ဝမ်ကျွန်းပေါ်သို့ ထွက်ပြေး အခြေစိုက်စဉ်မှစ၍ ထိုင်ဝမ်သည် သီးခြားအုပ်ချုပ်ရေး စတင်ခဲ့သည်။

ထိုကာလမှ အစပြုပြီး ထိုင်ဝမ်ကို တရုတ်ကွန်မြူနစ်များ သိမ်းပိုက်နိုင်ခြင်း မရှိဘဲ ယခင်တရုတ်ပြည်မကြီးရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရဟောင်း၏အလံနှင့် အခြားသင်္ကေတ သရုပ်လက္ခဏာများကို ကျွန်းပေါ်တွင် ထိန်းသိမ်းထားခဲ့သည်။

ဘေဂျင်းသည် အဆိုပါကျွန်းကို ၎င်း၏ပြည်နယ် အစိတ်အပိုင်း တစ်ခုအဖြစ် မှတ်ယူထားပြီး ရုရှား အပါအဝင် နိုင်ငံအများစုက ထောက်ခံထားကြောင်း တာ့စ်သတင်းဌာနက ရေးသားဖော်ပြထားသည်။

Source: တာ့စ်သတင်းဌာန