CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းများတွင် အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းနှင့် တခြားသော အဝတ်အထည် အသုံးအဆောင်ပစ္စည်းများ လိုအပ်ချက်ရှိနေပြီး အခက်အခဲ ဖြစ်ပေါ်နေသည်ဟု ရခိုင်ရှိ တိုက်ပွဲရှောင်အမျိုးသမီးများထံမှ သိရသည်။

ယခုကာလသည် မိုးရာသီဖြစ်သည့်အတွက် အမျိုးသမီးများအတွက် အဆိုပါပစ္စည်းများမှာ ပိုမို လိုအပ် ချက် ဖြစ်ပေါ်နေသည်ဟု ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစခန်း၏ အမျိုးသမီးခေါင်းဆောင် မအေးခိုင်က CNI သတင်းဌာနသို့ ပြောသည်။

“လစဉ်သုံးတော့ ဘယ်လိုပြောမလဲ၊ မလုံတော့ မလုံလောက်ဘူးလို့ ခံစားရတယ်။ ဒါပေမယ့် အတွင်းခံ ဘောင်းဘီတွေ အဆင်မပြေဘူး။ ဘရာဇီယာရယ်၊ အခုလောလောဆယ်တော့ အမျိုးသမီး တွေမှာ ဘာလိုအပ်ချက်ရှိလဲဆိုရင် မိုးရာသီဖြစ်နေလို့ ဘောင်းဘီနဲ့ဘရာဇီယာ နှစ်ခုပဲ လိုအပ်တယ်” ဟု ပြောသည်။

ရခိုင်ရှိ တိုက်ပွဲရှောင်စခန်း တချို့တွင် အမျိုးသမီး လစဉ်သုံးပစ္စည်းနှင့် တခြားသော အသုံးအဆောင် ပစ္စည်းများ ရရှိသော်လည်း စခန်းအများအပြားမှာ ထောက်ပံ့မှု မရရှိကြောင်းသိရသည်။

ဒါ့အပြင် တိုက်ပွဲရှောင်စခန်းများတွင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေမှာ ပိုမို များပြားကာ ထက်ဝက်ကျော်ခန့်ရှိပြီး တချို့သော စခန်းများတွင်မူ လူဦးရေ၏ သုံးပုံနှစ်ပုံခန့်မှာ အမျိုးသမီးများ ဖြစ်သည့်အတွက် ပို၍ အခက်အခဲရှိကြောင်း သိရသည်။

ကျောက်တော်မြို့နယ်မှ တိုက်ပွဲရှောင်အမျိုးသမီးတစ်ဦးဖြစ်သူ မဦးမိုးနွယ်က “ကျမတို့ဘက်မှာက လစဉ်သုံးပစ္စည်းတွေကတော့ စခန်းတော်တော်များများ ရတယ်။ မရတဲ့စခန်းကတော့ ကျမတို့ ကျောက်တော်မှာရှိတဲ့ နေပူခံစခန်းတစ်ခုပဲ ရှိတယ်။ အဲဒီစခန်းက တစ်လမှ မရပါဘူး။ ပြီးတော့ အမျိုးသမီးတွေ အခက်အခဲဖြစ်နေတဲ့ အဓိကအချက်တွေကတော့ အမျိုးသမီးတွေမှာကျတော့ အမျိုးသားတွေနဲ့ မတူဘူး။ အဝတ်လှန်းတဲ့နေရာကနေအစ နေရာလိုအပ်တယ်။ ထမီတွေ ဘာတွေ လှန်းတဲ့နေရာတွေ အဲဒီအခက်အခဲတွေရှိတယ်။ ပြီးတော့ တခြားအခက်အခဲတွေကတော့ စားဝတ် နေရေးပဲ ဖြစ်မယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်တိုက်ပွဲရှောင်စခန်းများသို့ လက်ရှိတွင် ICRC နှင့် WFP အဖွဲ့အစည်းများကသာ လာရောက် ထောက်ပံ့မှုများရှိပြီး ၂၀၂၀ နောက်ပိုင်း တခြားသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် အသင်းအဖွဲ့ များက လာရောက်လှူဒါန်းမှု မရှိတော့ကြောင်း တိုက်ပွဲရှောင်များက ပြောသည်။

လက်ရှိ ထောက်ပံ့နေသည့် ICRC နှင့် WFP အဖွဲ့အစည်းနှစ်ခုတွင် WFP သည် ငွေကြေးကိုသာ အဓိက ထောက်ပံ့ပေးနေပြီး ICRC သည် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ ပေးသည်ဟု သိရသည်။

အမျိုးသမီးများအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းနှင့် တခြားသော အခက်အခဲများ ပြေလည် စေရန်အတွက် ငွေကြေးထောက်ပံ့သည်ထက် အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့သင့်သည်ဟု မြောက်ဦးမြို့နယ်ရှိ တိမ်ညိုစခန်းမှ သတင်းနှင့် ပြန်ကြရေးတာဝန်ခံ ဦးစိုးနိုင်က ပြောသည်။

“ကျနော်ကြားမိသလောက်ကတော့ WFP က ရိက္ခာထောက်ပံ့တာထက်ကို ပိုက်ဆံကို မိသားစုအလိုက် ထောက်ပံ့တာ တခြားစခန်းတွေမှာတော့ ရှိတယ်။ ကျနော်တို့စခန်းမှာတော့ ပိုက်ဆံမဟုတ်ဘူး။ အသုံးအဆောင်ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ အဲလိုတော့ ICRC က ထောက်ပံ့တာ ရှိတယ်။ ကျနော် ထင်တာကတော့ ရိက္ခာတွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ ထောက်ပံ့တာကတော့ အဆင်ပြေလိမ့်မယ် ထင်တယ်။ ဘာလို့လဲဆိုတော့ ပိုက်ဆံထောက်ပံ့တယ်ဆိုတော့ ပိုက်ဆံဆိုတာ သိတဲ့အတိုင်းပဲ လိုအပ်တဲ့ ပစ္စည်းကိုမရောက်ဘဲ တခြားသုံးလိုက်တာတွေ ရှိတယ်ပေါ့။ အဲဒါကြောင့်မို့ ကျနော်တို့ကတော့ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့တာကတော့ ပိုကောင်းတယ်လို့ ပြောချင်တယ်” ဟု CNI သတင်း ဌာနသို့ ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းများတွင် အမျိုးသမီးများအတွက် လိုအပ်ချက်များ ရှိသည့် အပြင် သောက်သုံးရေ သန့်ရှင်းမှု မရှိသည့်အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ယားနာရောဂါများ လည်း ဖြစ်ပေါ်နေသည်ဟု တိုက်ပွဲရှောင်များထံမှ သိရသည်။