CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃

မိမိတို့ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်းနိုင်ငံအဖြစ် အမြဲရပ်တည် ဆောင်ရွက်သွားမည်ဟု လာအိုသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်က ပြောသည်။

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်တွင် လာအိုနိုင်ငံသို့ ရောက်ရှိလာသော မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

လာအိုသမ္မတက “သမ္မတကြီး ဦးဆောင်သည့် မြန်မာနိုင်ငံအစိုးရအနေဖြင့် မကြာမီကာလအတွင်း အာဆီယံနှင့် ပုံမှန် ထိတွေ့ ဆက်ဆံမှုများ ရရှိသွားမည်ဟု ယုံကြည်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် နိုင်ငံ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို အာဆီယံပဋိဥာဏ်ပါအတိုင်း ဆောင်ရွက်ရခြင်းကြောင့် မြန်မာနိုင်ငံအစိုးရ အနေဖြင့် အာဆီယံနှင့်ပုံမှန်အတိုင်း ထိတွေ့ဆက်ဆံသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ နိုင်ငံ အနေဖြင့် လည်း တတ်စွမ်းသည့်ဘက်မှ မြန်မာနိုင်ငံကို အစဉ်အမြဲ ထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်းနိုင်ငံအဖြစ် အမြဲရပ်တည်ဆောင်ရွက်သွားမည်”ဟု ပြောသည်။

မိမိတို့ လာအိုနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးနိုင်ငံအဖြစ် ထူထောင် သွားလိုပါကြောင်း၊ အနာဂတ်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက် ပိုမိုတိုးမြှင့် ဆောင်ရွက်သွား လိုပါကြောင်း၊ အဆွေတော်သမ္မတကြီး အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု နှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး ဆောင်ရွက်လိုမှုအပေါ် မိမိအနေဖြင့် အပြည့်အဝ ထောက်ခံပါကြောင်း လာအိုသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်က ပြောသည်။

မြန်မာသမ္မတက “ယမန်နှစ်က တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့တွင် ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ အပေါင်းထိပ်သီး အစည်းအဝေး တက်ရောက်ခဲ့စဉ်ကလည်း အဆွေတော်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ကို အမှတ်ရလျက်ရှိပါကြောင်းနှင့် ယခုကဲ့သို့ ထပ်မံ တွေ့ဆုံရသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်းနှင့် စတင် တာဝန်ယူခြင်း အခမ်းအနားသို့ လာအိုနိုင်ငံမှ အထူးကိုယ် စားလှယ် စေလွှတ်ခဲ့ပြီး အဆွေတော်ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးအပ်ခဲ့မှုအပေါ်လည်း ကျေးဇူးတင် ရှိပါကြောင်း၊ မကြာသေးမီကာလက လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာ ဗန် ဖုန်ဗီဟေး၏ မြန်မာနိုင်ငံခရီးစဉ်သည်လည်း မိမိတို့ အစိုးရအပေါ် အလေးအနက်ထားမှုနှင့် လာအိုနိုင်ငံ၏ ထောက်ခံရပ်တည်ပေးမှုကို ပြသပေးသည့် ခရီးစဉ်ဖြစ်သဖြင့် များစွာတန်ဖိုးထားပါတယ်”ဟု ပြောသည်။

ယခု ခရီးစဉ်သည် နှစ်နိုင်ငံအကြား ရှိရင်းစွဲ အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုကို ပိုမို ခိုင်မာစေပြီး မဟာဗျူ ဟာမြောက် ဘက်ပေါင်းစုံပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခဲ့ခြင်း ဖြစ် သည်ဟု မြန်မာသမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုသမ္မတ မစ္စတာထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်မှ ၅ ရက်ထိ သွားရောက်ခြင်း ဖြစ်သည်။