CNI International News

ကိတ်တောင်း၊ ဇွန်လ ၂

အနောက်အုပ်စုအား ယှဉ်ပြိုင်ရန် ရည်မှန်းချက်ဖြင့် ဖွဲ့စည်းထားသည့် BRICS အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပူတင်အား ဖမ်းဝရမ်းထုတ်ထားသည့် အရေးကိစ္စသာ ကြီးစိုးခဲ့ကြောင်း ရိုက်တာသတင်းမှ ဖော်ပြခဲ့သည်။

တောင်အာဖရိကတွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် သြဂုတ်လ ညီလာခံသို့ ရုရှားသမ္မတ ပူတင် (Putin) တက်ရောက်မည်ဆိုလျှင် အဖမ်းခံရမည်လားဆိုသည့် မေးခွန်းက လွှမ်းမိုးထားခဲ့သည်။

ရုရှားသမ္မတ ပူတင်သည် ဂျိုဟန်နစ္စဘာ့ဂျ် (Johannesburg) ရှိ BRICS ထိပ်သီး အစည်းအဝေးသို့ တက်ရောက် လျှင် ၎င်းကို ဖမ်းဆီးမည်လားဆိုသည့် ကိစ္စနှင့်ပတ်သက်၍ တောင်အာဖရိကနိုင်ငံက အလေးအနက်ထား စဉ်းစား နေသည်ဟု နိုင်ငံခြားရေးဝန်ကြီး နာလီဒီ ပန်ဒေါ (Naledi Pandor) က ပြောသည်။

ပူတင်သည် စစ်ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်များဖြင့် နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC)၏ ဖမ်းဝရမ်း ထုတ်ခြင်းကို ခံထားရသူ ဖြစ်သည်။

ICC ၏ အဖွဲ့ဝင် နိုင်ငံတစ်ခု အနေဖြင့် တောင်အာဖရိကသည် ပူတင်အား ဖမ်းဆီးရန် တာဝန်ရှိနေသည်။

ရုရှားကိုယ်စားလှယ်နဲ့ အာဖရိကကိုယ်စားလှယ်တွေ့ဆုံစဉ်

ပန်ဒေါသည်လည်း ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်တို့မှ ကိုယ်စားလှယ်များ ပါဝင်သော ဆွေးနွေးပွဲ ပထမ အကျော့သို့ ရောက်ရှိလာချိန်တွင် ပူတင်အား ဖမ်းဆီးမည်လားဆိုသည့် မေးခွန်းအား တရစပ် မေးမြန်းခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုမေးခွန်းကို သမ္မတ စီရယ် ရာမာဖိုဆာ (Cyril Ramaphosa)က တောင်အာဖရိကသည် မည်သည့် အနေအထားတွင် ရှိနေမည်လဲဆိုခြင်းဖြင့် အဖြေပေးသွားမည်ဟု ပန်ဒေါက ပြောသည်။

နောက်ပိုင်းတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင်လည်း တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီးသည် ပူတင်နှင့် ပတ်သက်သော မေးခွန်းများအား ဖြေဆိုခြင်းကို ရှောင်လွှဲသွားခဲ့သည်။

ပူတင်သည် ရုရှားတို့ သိမ်းပိုက်ထားရာ ယူကရိန်းမြေမှ ကလေးများကို အတင်းအကြပ် ရွှေ့ပြောင်းခဲ့ကြောင်း မတ်လတွင် ICC က စွပ်စွဲခဲ့သည်။
ထိုစွပ်စွဲမှုများ အားလုံးကို ရုရှားဘက်က ငြင်းထားသည်။

BRICS အဖွဲ့၀င် အလံများကိုတွေ့ရစဉ် 

တောင်အာဖရိကသည် ဇန်နဝါရီလတွင်လည်း ပူတင်အား ဖိတ်ခေါ်ခဲ့သေးသည်။ လက်ရှိ အချိန်အထိ ပူတင်က ၎င်း၏ အစီအစဉ်နှင့်ပတ်သက်၍ အတည်မပြုသေးဘဲ ကရင်မလင်ဘက်ကလည်း ရုရှားသည် သင့်တော်သော အနေအထားတစ်ခုဖြင့် ပါဝင် ဆောင်ရွက်သွားမည်ဟုသာ ပြောသည်။

ဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီးများသည် အားလုံးပါဝင်မှုရှိသော ကမ္ဘာ့အရေး၌ အဖွဲ့၏ လွှမ်းမိုးမှုကို တည်ဆောက်ရေးနှင့် ပတ်သက်သည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို အာရုံစိုက်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။

ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံများနှင့်ပတ်သက်၍ ပြောဆိုရာတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာ မန်ယမ် ဂျိုင်ရှန်ကာ (Subrahmanyam Jaishankar)က နိုင်ငံပေါင်းများစွာသည် ၎င်းတို့ပြုသမျှ နုရသည့် အခြေအနေတွင် ရှိနေကြောင်း၊ ထို့ကြောင့် ကုသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အကြောင်း အရာများအတွက် ဆုံးဖြတ်ချက်ပေးသည့် အခြေအနေကို ပြောင်းလဲရန် လိုအပ်သည်ဟု ပြောသည်။

နည်းလမ်းဟောင်းများသည် ပြောင်းလဲသော အခြေအနေ သစ်များကို မဖြေရှင်းနိုင်တော့ကြောင်း၊ BRICS သည် ပြောင်းလဲမှုအတွက် ပြယုဂ်ဖြစ်ကာ မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးက ပြောခဲ့သည်။

Source: ရိုက်တာ