CNI International News

ရီးယာ့ဒ်၊ ဖေဖော်ဝါရီ ၂

ဆော်ဒီအာရေဗျနှင့် အခြားနိုင်ငံ လေးနိုင်ငံသည် BRICS အဖွဲ့ထဲသို့ ဝင်ရောက်ရန် ဖိတ်ကြားချက်ကို လက်ခံခဲ့ ကြောင်း တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး နာလီဒီ ပန်ဒေါ်(Naledi Pandor) က ပြောကြားခဲ့သည်ဟု Japan Times မှ ဖော်ပြခဲ့သည်။

ယခုနှစ်အတွင်း BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌ ရာထူးကို တောင်အာဖရိကထံမှ လွှဲပြောင်းရယူမည့် ရုရှားသည် BRICS အဖွဲ့ထဲသို့ ဝင်ရောက်ရန် ဆန္ဒရှိသည့် နိုင်ငံပေါင်း ၃၄ နိုင်ငံထံမှ အကြောင်းကြာစာများကို လက်ခံရရှိခဲ့ သည်ဟု ပန်ဒေါ်က ပြောသည်။ 

လက်ရှိတွင် ဆော်ဒီအာရေဗျ၊ အီရန်၊ အီဂျစ်၊ အီသီယိုပီးယားနှင့် ယူအေအီးနိုင်ငံတို့သည့် BRICS အဖွဲ့၏ တန်းပြည့် အဖွဲ့ဝင်သစ်များ ဖြစ်လာခဲ့သည်။

အာဂျင်တီးနားနိုင်ငံ၏ ယခင်အစိုးရသည် BRICS အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားခဲ့သော်လည်း နောက်တက်လာ သည့် ယခုအစိုးရအဖွဲ့က BRICS အဖွဲ့ထဲသို့ မဝင်ရန် ဆုံးဖြတ်ခဲ့သဖြင့် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို မိမိတို့ လက်ခံ ကြောင်း ပန်ဒေါ်က ပရီတိုးရီးယား (Pretoria) မြို့တော်တွင် ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လက တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်ချ် (Johannesburg) မြို့တွင် ပြုလုပ်ခဲ့သည့် BRICS အစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံ များမှ ခေါင်းဆောင်များသည် အဖွဲ့ဝင်နိုင်ငံ အရေအတွက်ကို တိုးချဲ့ရန် သဘောတူခဲ့ကြသည်။

BRICS ကို ထူထောင်ခဲ့သည့် နိုင်ငံ ၅ နိုင်ငံမှ ခေါင်းဆောင်များကို တွေ့ရစဉ်

ထို့ပြင် BRICS နိုင်ငံခြားရေးဝန်ကြီးများသည် တန်းပြည့် အဖွဲ့ဝင်နိုင်ငံများအဖြစ် လက်မခံခဲ့သည့် နိုင်ငံပေါင်း ၁၇ နိုင်ငံနှင့် ဆက်ဆံမှုများ ပြုလုပ်ရန် BRICS မိတ်ဖက်နိုင်ငံများဆိုသည့် အစီအစဉ်ကိုလည်း ဖော်ဆောင်လျက်ရှိ သည်။

BRICS အဖွဲ့ဝင်နိုင်ငံများ အနေနှင့်် အဖွဲ့ဝင် နိုင်ငံအချင်းချင်း ကုန်သွယ်မှုများအတွက် မိမိတို့၏ သက်ဆိုင်ရာ နိုင်ငံသုံး ငွေကြေးများကို အသုံးပြုခွင့် ပေးရန်အတွက်လည်း မူဘောင်တစ်ခုကို ဖော်ဆောင်လျက်ရှိသည်။ 

လက်ရှိ ကုန်သွယ်မှုများသည် အမေရိကန် ဒေါ်လာကို အခြေပြုပြီး ငွေပေးချေသည့်စနစ်ကို အသုံးပြုနေသဖြင့် ထိုစနစ်သည် မျှတမှုမရှိဘဲ ငွေကုန်ကြေးကျ ပိုမိုများပြားသည်ဟု တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

Source: Japan Times