CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော တိုက်ပွဲရှောင်များ ကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ဆန်အိတ်များနှင့် ဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေးခဲ့သည်။

ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဒေသတွင်းနေ ပြည်သူလူထု ၁၆၀၀ ကျော်သည် ဟုမ္မလင်းမြို့ပေါ်သို့ တိုက်ပွဲရှောင်လာခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့က ဟုမ္မလင်းမြို့ပေါ်ရှိ တိုက်ပွဲရှောင်များကို SNA က စားနပ်ရိက္ခာထောက်ပံ့ပေးနေစဉ် (CJ)

ထို့နောက် စားနပ်ရိက္ခာများ လိုအပ်လာသည့်အတွက် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့က ဆန်အိတ် ၅၀ နှင့် ဟင်းသီးဟင်းရွက်များကို ထောက်ပံ့လှူဒါန်းပေးခဲ့သည်။

လက်ရှိတွင် တိုက်ပွဲရှောင်များသည် ဟုမ္မလင်းမြို့ရှိ ဆုတောင်းပြည့် စေတီတော်ဝင်းအတွင်း အပါအဝင် ဓမ္မ အေးရိပ်တောရကျောင်းနှင့် မြို့မဘုန်းတော်ကြီးကျောင်းတို့၌ ခိုလှုံလျက်ရှိသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း သွတ်သင်းခံ ခဲ့ရသော ရှမ်းနီနယ်မြေများကို ပြန်လည် စုစည်း၍ ရှမ်းနီပြည်နယ်ရရှိရေး အပါအဝင် ရှမ်းနီလူမျိုးများနှင့် ရှမ်းနီ နယ်မြေများအတွင်း နေထိုင်ကြသော ပြည်သူများ တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းနေသည့် ရှမ်းနီလက် နက်ကိုင် ဖြစ်သည်။