CNI International News

ပြုံယမ်း၊ နိုဝင်ဘာ ၈

ယူကရိန်းစစ်ပွဲအတွက် ရုရှားနိုင်ငံသို့ လက်နက်များ လျှို့ဝှက်တင်ပို့နေကြောင်း အမေရိကန်၏ ပြောကြားချက်ကို မြောက်ကိုရီးယားက ငြင်းပယ်ခဲ့ပြီး “မော်စကိုထံသို့ မည်သည့်အခါမျှ လက်နက် မရောင်းဖူးသလို ရောင်းချရန် အစီအစဉ်လည်း မရှိကြောင်း” တုံ့ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် ရုရှားကို သိသာထင်ရှားစွာဖြင့် လက်နက်အမြောက်အမြား တင်ပို့နေကြောင်း အိမ်ဖြူ တော် အမျိုးသားလုံခြုံရေးမှ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ယခင်သီတင်းပတ်တွင် ပြောကြားခဲ့သည်။

ထို့နောက် နိုဝင်ဘာ ၈ ရက် (ယနေ့)၌ ပြုံယမ်းအစိုးရပိုင် ကိုရီးယားဗဟိုသတင်းဌာန (KCNA) ၏ ငြင်းပယ်ချက် ပေါ်ထွက်လာခဲ့သည်။

မြောက်ကိုရီးယားသည် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသများရှိ နိုင်ငံများမှတဆင့် လက်နက် တင်ပို့မှု များကို ဖုံးကွယ်ရန် ကြိုးစားနေကြောင်း၊ လက်နက်တင်ပို့ခြင်းကို ရုရှား လက်ခံရယူမှု ရှိ/မရှိ ဝါရှင်တန်က စောင့် ကြည့်နေကြောင်း ဂျွန်ကာဘီက ဆက်လက်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနဲ့ရုရှား ခေါင်းဆောင် နှစ်ဦးကိုတွေ့ရစဉ် (GETTY IMAGES)

၎င်း၏ ပြောကြားချက်များသည် ကောလာဟလများသာ ဖြစ်သည်ဟု မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန မှ အရာရှိတစ်ဦးက တုံ့ပြန်ခဲ့ပြီး ပြုံယမ်းသည် ရုရှားနှင့် မည်သည့် လက်နက်အမျိုးအစားမျှ ထိတွေ့ဆက်ဆံခြင်း မရှိကြောင်း၊ အနာဂတ်တွင်လည် ထိုသို့ဆက်ဆံရန် အစီအစဉ်မရှိကြောင်း ပြန်လည် ရှင်းလင်းခဲ့သည်။

“အမေရိကန်ရဲ့ ဒီလိုပြောကြားချက်ဟာ နိုင်ငံတကာနယ်ပယ်မှာ မြောက်ကိုရီးယားပုံရိပ်ကို ထိခိုက်စေဖို့အတွက် ရန်လိုတဲ့ ကြိုးပမ်းမှု တစိတ်တပိုင်းအနေနဲ့ တရားမဝင် ပိတ်ဆို့ အရေးယူမှု ဆုံးဖြတ်ချက်ကို ဖော်ညွှန်းတယ်” ဟု အထက်ပါ မြောက်ကိုရီးယား အစိုးရအရာရှိက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ တရားဝင် နာမည် အတိုကောက်ဖြစ်သည့် DPRK ဟု ရည်ညွှန်းပြီး KCNA မီဒီယာက ထုတ် လွှင့်ခဲ့သည်။

အိမ်ဖြူ တော် အမျိုးသားလုံခြုံရေးမှ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ ကိုတွေ့ရစဉ် (AP)

အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ၎င်းတို့၏ အကြီးဆုံး လေတပ်ချင်း ပူးတွဲစစ်ရေး လေ့ကျင့်နေစဉ် မြောက်ကိုရီးယားကလည်း တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) အပါအဝင် လက်နက်စမ်းသပ်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ ကိုရီးယားကျွန်းဆွယ်များ ပိုမိုတင်းမာလာချိန်၌ အပြန်အလှန် အပြစ်တင် ဝေဖန်မှုများလည်း ပေါ်ပေါက် လာခဲ့သည်။

၂၀၁၇ ခုနှစ်နောက်ပိုင်း ၎င်း၏ ပထမဆုံး နျူကလီးယား စမ်းသပ်မှုအတွက် မြောက်ကိုရီးယား ပြင်ဆင်ကောင်း ပြင်ဆင်နေနိုင်ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က သတိပေးထားကြသည်။

ပြုံယမ်းအစိုးရ ပေးပို့သည့် သိသာထင်ရှားသော လက်နက်အရေအတွက်သည် ရုရှားကို ၈ လကြာစစ်ပွဲ ဆက်တိုက် နိုင်အောင် အထောက်အကူပြုရန် လုံလောက်သည်ဟု အမေရိကန်အနေဖြင့် ယုံကြည်ကြောင်း ဂျွန်ကာဘီက ဆက်လက်ပြောကြားခဲ့သည်။

Source: Aljazeera