CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၈

နိုဝင်ဘာ ၇ ရက်၌ ကောက်ယူခဲ့သော ရိုက်တာ/Ipsos စစ်တမ်းတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အပေါ် လူထုထောက်ခံမှုနှုန်းသည် ၃၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။

ဘိုင်ဒန်၏ ဒီမိုကရက်တစ်ပါတီသည် နိုဝင်ဘာ ၈ ရက် (ယနေ့) တွင် စတင်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ တွင် မဲအရနည်းလိမ့်မည်ဟု ရွေးကောက်ပွဲအကြိုခန့်မှန်းသူများ၏မျှော်လင့်ချက်ကို အဆိုပါစစ်တမ်းက အားဖြည့် ပေးခဲ့သည်။

ဘိုင်ဒန်၏ လုပ်ကိုင်ဆောင်ရွက်မှု စွမ်းဆောင်ရည်အပေါ် အမေရိကန်လူထု၏ထောက်ခံမှုမှာ သိသာစွာ ကျဆင်း သွားခဲ့ပြီး ၎င်း၏သမ္မတသက်တမ်းအတွင်း အနိမ့်ဆုံးအမှတ်သို့ ရောက်သွားသည်ဟု နှစ်ရက်ကြာ ပြည်လုံးကျွတ် ကောက်ယူခဲ့သော စစ်တမ်းက ပြသခဲ့သည်။

ဘိုင်ဒန်အပေါ် လူထုနှစ်သက်လိုလားမှုအနေအထား ကျဆင်းနေသောကြောင့် ရီပက်ဘလစ်ကန်အမတ်များ အနေဖြင့် အမေရိကန်အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့တွင် နိုဝင်ဘာ ၈ ရက် ထွက်ပေါ်လာမည့် မဲရလဒ်များအရ အသာစီးရလာနိုင်ကြောင်း ရိုက်တာက ဆက်လက်ရေးသားသည်။

ရီပက်ဘလစ်ကန်များသည် အောက်လွှတ်တော်တွင် အမတ်နေရာ ၂၄ နေရာအထိ အသားတင် ရရှိနိုင်ပြီး အများစု အနိုင်ရမည်ဟု ဗာဂျီးနီးယားတက္ကသိုလ်၊ နိုင်ငံရေးဗဟိုဌာနက ခန့်မှန်းထားကြောင်း နိုဝင်ဘာ ၇ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ကွန်ကရက်ပူးတွဲ အစည်းအဝေးတစ်ခုတွင် သမ္မတဂျိုးဘိုင်ဒန်ကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)



ရီပက်ဘလစ်ကန်များသည် အထက်လွှတ်တော်တွင်လည်း ယခင်က ၎င်းတို့လျော့နည်းစွာ ရရှိခဲ့သောနေရာများကို အစားထိုးနိုင်မည်ဟု ၎င်းတက္ကသိုလ်က ခန့်မှန်းသည်။

အမေရိကန်(ကွန်ဂရက်)လွှတ်တော်တစ်ခုတည်းကို ထိန်းချုပ်နိုင်ခဲ့လျှင် ဘိုင်ဒန်၏ ဥပဒေပြုရေးအစီအစဉ်ကို အဟန့်အတားပြုနိုင်ဖို့ ရီပက်ဘလစ်ကန်အမတ်များထံတွင် အခွင့်အာဏာရလာမည်ဖြစ်သည်။

Covid-19 ဖြစ်ပွားနေသည့်ကာလအတွင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ၌ သမ္မတ တာဝန်ယူခဲ့သည့် ဘိုင်ဒန်၏ ရာထူး သက်တမ်းတလျှောက် ငွေကြေးဖောင်းပွမှုနှုန်း တိုးလာခြင်းအပါအဝင် ကမ္ဘာ့ကျန်းမာရေးအကျပ်အတည်းကြောင့် အမေရိကန်စီးပွားရေးမှာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

ယခုနှစ်တွင်လည်း ဘိုင်ဒန်အပေါ် လူထုထောက်ခံနှုန်းမှာ ပြီးခဲ့သည့် မေလနှင့် ဇွန်လတို့၌ ၃၆ ရာခိုင်နှုန်းအထိ နိမ့်ဆင်းသွားခဲ့သည်။

ယခုသီတင်းပတ်အတွင်း ရိုက်တာ/Ipsos စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ သုံးပုံတစ်ပုံခန့်သည် စီးပွားရေးကဏ္ဍကို နိုင်ငံ၏အကြီးမားဆုံးပြဿနာအဖြစ် ရွေးချယ်ဖြေဆိုခဲ့ကြသည်။

အမေရိကန်ပြည်တွင်း၌ ကိုယ်ဝန်ဖျက်ချခွင့်နှင့်ပတ်သက်၍ တရားရုံးချုပ်၏ ပြီးခဲ့သည့်ဇွန်လ ဆုံးဖြတ်ချက် အပြီးတွင်တော့ အဆိုပါအခွင့်အရေးကို အကြီးမားဆုံးပြဿနာအဖြစ် စစ်တမ်းဖြေဆိုသူ ၁၅ ဦးတွင် တစ်ဦးနှုန်း ဖြေဆိုခဲ့ကြောင်း တွေ့ရှိရသည်။

အဆိုပါစစ်တမ်းကို အမေရိကန်ပြည်ထောင်စုတစ်ခုလုံး၌ အွန်လိုင်းမှနေ၍ အင်္ဂလိပ်ဘာသာဖြင့် ကောက်ယူခဲ့ခြင်း ဖြစ်ပြီး ဖြေဆိုသူများထဲတွင် ဒီမိုကရက်တစ်ပါတီဝင် ၄၂၄ ဦးနှင့် ရီပက်လစ်ကန်ပါတီဝင် ၃၉၀ ဦးပါဝင်ခဲ့ကာ အရွယ်ရောက်ပြီးသူ ၁,၀၀၄(တစ်ထောင့်လေး)ဦး၏ သဘောထားများကို စုစည်းထားခြင်းဖြစ်သည်။

Source: Reuters