CNI International News

ဆိုးလ်၊ ဇန်နဝါရီ ၂၂

အမေရိကန်ကို ရင်ဆိုင်ဆန့်ကျင်ရန်နှင့် ဝင်ရိုးစုံ ကမ္ဘာ့အခင်းအကျင်း အသစ်တစ်ခု ဖော်ဆောင်ရန် ရုရှားနှင့် နည်းဗျူဟာမြောက်/မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်သွားမည်ဟု မြောက်ကိုရီးယားက ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။ 

ထို့ပြင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုးဆွန်ဟွီ (Choe Son Hui) သည် ပြီးခဲ့သည့် သီတင်းပတ်က ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin)၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov)တို့နှင့် အစည်းအဝေး ပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးတွင် ပူတင်က မြောက်ကိုရီးယားသို့ မကြာမီအချိန်အတွင်း လာရောက်မည့်အကြောင်းကို ထပ်လောင်း အတည်ပြုခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) ၏ ရုရှားခရီးစဉ်တွင် ပူတင်နှင့် ထိပ်သီး အစည်းအဝေး ပြုလုပ်ခဲ့ခြင်းအားဖြင့် မြောက်ကိုရီးယားသည် ရုရှားနှင့် ဆက်ဆံရေးများ မြှင့်တင်နေသည့် အခြေအနေကို ပြသခဲ့သည်။

ကင်မ်သည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် သံတမန်ရေးအရ ဝိုင်းပယ်ခံထားရသည့် အခြေအနေကို ချိုးဖျက်ရန် နှင့် အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တိုနှင့် နျူကလီးယား ထိပ်တိုက်တွေ့မှုများ၌ မြောက်ကိုရီးယား၏ ရပ်တည်ချက်ကို ပိုမိုခိုင်မာစေရန် ကြိုးပမ်းလျက်ရှိသည်။

ထို့ပြင် မြောက်ကိုရီးယား၏ နောက်ဆုံးအကြိမ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုနှင့်ပတ်သက်ပြီး အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ဝေဖန်ရှုတ်ချထားသည့် အစီရင်ခံစာ တစ်စောင်ကို မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကင်မ်ဂျုံအန်နဲ့ ပူတင်ကို တွေ့ရစဉ်

ဇန်နဝါရီ ၁၄ ရက်က လောင်စာတောင့်သုံး တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုသည် မြောက်ကိုရီးယား၏ ကာကွယ်ရေး စွမ်းဆောင်ရည်များကို မြှင့်တင်သည့် ပုံမှန်လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများကို ခြိမ်းခြောက်ခြင်း မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများနှင့် ခြိမ်းခြောက်မှုများ မြင့်တက်လာသည့် အခြေအနေအပေါ် နှုတ်ဆိတ်နေခြင်း မပြုရန် တောင်ကိုရီးယားက ဇန်နဝါရီ ၁၈ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့သည်။

လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ရုရှားနှင့် တရုတ်တို့ကမူ မကြာသေးမီက မြောက်ကိုရီးယား၏ လက်နက် စမ်းသပ်မှုများနှင့်ပတ်သက်ပြီး လုံခြုံရေးကောင်စီတွင် ပိတ်ဆို့မှုများချမှတ်ရန် အမေရိကန်၏ ကြိုးပမ်းမှုများကို တားမြစ်ပိတ်ပင်ခဲ့သည်။

အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များကမူ မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားကို လက်နက်များ ထောက်ပံ့ပေးနေပြီး အပြန်အလှန်အနေဖြင့် ရုရှားနိုင်ငံထံမှ စီးပွားရေးနှင့် စစ်ရေး အထောက်အပံ့များ ရယူနေဖွယ် ရှိကြောင်း စွပ်စွဲခဲ့သော်လည်း ထိုစွပ်စွဲချက်များကို မြောက်ကိုရီးယားနှင့် ရုရှားက ငြင်းဆိုခဲ့သည်။

Source: အေပီ