CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပူအောင်စံပြကျေးရွာမှ တိုက်ပွဲရှောင်များ ခိုလှုံနေ သည့် နားမော်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးခဲ့ပြီး ကိုရင်တစ်ပါး မီးလောင်၍ ပျံလွန်တော်မူ သွားကြောင်း နောင်ပူအောင်ရွာ ဒေသခံတစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်က မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မီးဖိုချောင်မှတဆင့် မီးလောင်ခဲ့ကြောင်း ၎င်းက ပြောသည်။

နောင်ပူအောင် ဒေသခံတစ်ဦးက “နားမော်ဘုန်းကြီးကျောင်း မီးလောင်သွားလို့၊ အခုတော့ ပြာပုံပဲ ကျန်တော့တယ်၊ ငါတို့ နားမော်ရောက်နေတယ်၊ တိုက်ပွဲဖြစ်လို့ မဟုတ်ဘူး။ ဘယ်လိုလောင်တာလဲ မသိသေးဘူး။ အဲဒါတာ စုံစမ်း မေးမြန်းဖို့ ရောက်နေတာ၊ ကိုရင်တစ်ပါး ပါသွားတယ်လို့ ကြားရတယ်၊ အခုတော့ ပြာပုံပဲ ကျန်တော့တယ်။ ည ၁ နာရီခွဲလောက်က စလောင်တာ၊ တိုက်ပွဲရှောင်အခြေအနေ ဘယ်လို ရှိသလဲဆိုတော့ အဲဒီ နောင်ပူအောင်ဖက်က တိုက်ပွဲရှောင်တွေ အကုန်လုံး အခု နားမော်ဘုန်းကြီးကျောင်းမှာ လာနေထားတာ၊ အခု နားမော်ဘုန်းကြီးကျောင်း က မီးလောင်ပြီဆိုတော့ ဘယ်လို လုပ်ကြမလဲ မသိသေးဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

 ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက လွှစင်ကုန်းကျေးရွာတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လွှစင်ကုန်းကျေးရွာမှ ဒေသခံ အပါအဝင် အနီးအနားရှိ နောင်ပူအောင်ရွာ ဒေသခံများလည်း နားမော်ရွာဘက်သို့ တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။

ထို့အတူ နိုဝင်ဘာ ၂၁ ရက်နေ့က လွှစင်ကုန်းကျေးရွာ၊ ဖာနိုင်းကျေးရွာနှင့် ရွှေပြည်အေးမြို့တို့ကို KIA၊ PDF ပူးပေါင်းတပ်တို့က တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရွှေပြည်အေးမြို့ကို KIA၊ PDF တို့က ထိန်းချုပ်ထား ကြောင်း သိရသည်။

လက်ရှိတွင် လွှစင်ကုန်း၊ ဖာနိုင်းကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားမှု မရှိတော့ကြောင်း သို့သော်လည်း ချင်းတွင်းမြစ် နာဘေးရှိ သောင်သွပ်၊ အိုးဘိုကတောက်၊ တုံဟဲ စသော တမူးနှင့် ဟုမ္မလင်း ဆက်သွယ်ထားသည့် ဒေသများတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 PDF ကိုတွေ့ရစဉ်

၎င်းက “တိုက်ပွဲအခြေအနေ အဲဒီဖက် ဘယ်လို ရှိသလဲဆိုတာ လောလောဆယ်တော့ ငါတို့ ဥရုချောင်းဘက်က တိတ်နေတယ်၊ မြစ်ပြင်ဘက်ကတော့ စပါယ်ရှယ်ဝုန်းနေတာ၊ စစ်တပ်ကလည်း စပါယ်ရှယ်ထုတာ၊ ဒါပေမဲ့ စစ်တပ်ဘက် ဘယ်လောက်ထုထု ဟိုကောင်တွေကတော့ တစ်ရွာပြီး တစ်ရွာသိမ်းလို့ လာခဲ့တာပဲ၊ ဟုမ္မလင်း တောင် ကပ်နေပြီ။ မြစ်ပြင်ဘက်က၊ အိုးဘိုကတောက်၊ သောင်သွပ်၊ တုံဟဲ ဘာညာ ငါတို့ တမူးဖြတ်တဲ့လမ်းတွေ အကုန်သိမ်းပြီးပြီ။ တီလောင်အထိ ရောက်ခဲ့ပါပြီဆို” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် ရွှေပြည်အေးမြို့၊ မြင်သာ၊ ငိုးပင်း၊ မယ်ဇလီ၊ ဇီးပင်သာ၊ နောင်ဆန်းကျင်၊ လွှစင်ကုန်း၊ နောင်ပူအောင်ကျေးရွာများမှ ဒေသခံ ၂၀၀၀ ကျော် ဟုမ္မလင်းမြို့ပေါ်သို့ တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင်များမှာ ဟုမ္မလင်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြရပြီး ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့မှုများကြောင့် စားနပ်ရိက္ခာ အခက်အခဲများ ကြုံတွေ့နေကြကြောင်း သိရသည်။