CNI International News
ဝါရှင်တန်၊ မတ်လ ၁၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ဂျပန်နှင့် တောင်ကိုရီးယားတို့အား အမေရိကန်၏ အကာအကွယ်ကို ရယူထားသည့်အတွက် လုံခြုံရေးထောက်ပံ့ကြေးများ ပိုမိုပေးဆောင်ရန် တောင်းဆိုဖွယ်ရှိ ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ထရမ့်၏ အစိုးရအဖွဲ့သည် အနောက်ပစိဖိတ်ဒေသရှိ အမေရိကန်၏ အနီးကပ်ဆုံး မဟာမိတ်ဖြစ်သည့် ဂျပန်နှင့် တောင်ကိုရီးယားတို့ထံမှ လုံခြုံရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ တောင်းဆိုမှုများပြုလုပ်ရန် ပြင်ဆင်နေဖွယ်ရှိ သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဂျပန်နှင့် တောင်ကိုရီးယားတို့တွင် အမေရိကန်စစ်သားများ ဖြန့်ကြက်ချထားပြီး ကာကွယ်ပေးထားရသဖြင့် ထရမ့် သည် ဂျပန်နှင့်တောင်ကိုရီးယားထံမှ အခကြေးငွေများ ပိုမိုတောင်းဆိုဖွယ်ရှိသည်။
ထိုတောင်းဆိုချက်ကို လိုက်နာခြင်းမပြုပါက ထိုနိုင်ငံများတွင် ဖြန့်ကြက်ချထားသည့် အမေရိကန်စစ်သားများကို ဒေါ်နယ်ထရမ့်က ပြန်လည်ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်ထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
“အရေးအကြီးဆုံး အချက်ကတော့ အမေရိကန်ဟာ ဂျပန်၊ တောင်ကိုရီးယား ဒါမှမဟုတ် ထိုင်ဝမ်တို့ကို အကာအကွယ်ပေးသွားမယ့် သန္နိဋ္ဌာန်မျိုး မရှိတော့တာကို ထရမ့်ရဲ့ မှတ်ချက်စကားတွေအရ သတိထားမိပါတယ်” ဟု တိုကျိုမြို့တော်ရှိ Temple University မှ မျက်မှောက်ခေတ် အာရှရေးရာလေ့လာရေးဌာနမှ တွဲဖက်ညွှန်ကြား ရေးမှူး ရောဘတ် ဒူဂျာရစ် (Robert Dujarric) က ပြောကြားခဲ့သည်။
“တကယ်လို့ ခင်ဗျားဟာ ဂျပန်အစိုးရအဖွဲ့ထဲက အရာရှိတစ်ဦးဖြစ်နေပြီး အမေရိကန်ရဲ့ လုံခြုံရေးထီးရိပ် (လုံခြုံရေး အကာအကွယ်) ကို ယုံကြည်နေသေးတယ်ဆိုရင်တော့ ထရမ့်ဟာ သူ့ရဲ့ အိမ်ထောင်ရေးမှာ သစ္စာစောင့် သိတဲ့ လူမျိုးဖြစ်တယ်လို့ ယုံကြည်နေတဲ့ လူတွေထဲမှာ ပါဝင်သွားပါလိမ့်မယ်”ဟု ရောဘတ်က South China Morning Post ၏ This Week in Asia အစီအစဉ်ကို ပြောကြားခဲ့သည်။
ထရမ့်သည် ကာလကြာရှည် တည်ရှိခဲ့သည့် အမေရိကန်-ဂျပန် လုံခြုံရေးစာချုပ်ကို မျှတမှုမရှိကြောင်း ပြောကြား ခဲ့ပြီး တောင်ကိုရီးယားသည်လည်း အမေရိကန်ကို စီးပွားရေးအရ အမြတ်ထုတ်နေကြောင်း စွပ်စွဲခဲ့သည်။
ထို့ကြောင့် ဂျပန်နှင့် တောင်ကိုရီးယားတို့သည် အမေရိကန်၏ လုံခြုံရေး အကူအညီအတွက် ထရမ့်ဘက်မှ တောင်းဆိုမှုများအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: South China Morning Post