CNI International News

ဘေဂျင်း၊ မတ်လ ၁၁

တရုတ်သည် လွန်ခဲ့သည့် ၅ နှစ်အတွင်း ပြည်ပမှ လက်နက်များကို တင်သွင်းဝယ်ယူမှုသည် ၃ ပုံ ၂ ပုံနီးပါး လျော့ကျခဲ့သဖြင့် ကိုယ့်အားကိုကိုယ်မှုကို ပြသရာ ရောက်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့ သည်။

အဘယ်ကြောင့်ဆိုသော တရုတ်သည် ပြည်တွင်းလုပ် နည်းပညာများဖြင့် လက်နက်များကို ကိုယ်တိုင် ထုတ်လုပ် နိုင်သည့် အခြေအနေသို့ ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်။

ဆွီဒင်နိုင်ငံအခြေစိုက် စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (SIPRI) ၏ မတ်လ ၁၀ ရက် ထုတ်ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်ကြား တရုတ်၏ လက်နက်ဝယ်ယူမှုသည် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၆၄ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဖော်ပြထားသည်။

ထိပ်သီးသုတေသနပညာရှင်တစ်ဦးဖြစ်သူ ဆီမွန် ဝိဇ်မန်းကို တွေ့ရစဉ်

ထိုအပြောင်းအလဲအရ တရုတ်၏ ပြည်တွင်း လက်နက် ထုတ်လုပ်ရေး လုပ်ငန်းများ ကြီးထွားလာမှုကို ဖော်ပြရာ ရောက်နေသည်ဟု ဆိုသည်။

တရုတ်သည် ယခင်က ရုရှားထံမှ ဝယ်ယူတင်သွင်းနေရသည့် လက်နက်ပစ္စည်း အစိတ်ပိုင်းများကို ပြည်တွင်းမှာပင် ဒီဇိုင်းဆွဲပြီး ထုတ်လုပ်နေသဖြင့် လာမည့်နှစ်များတွင်လည်း တရုတ်သည် ပြည်ပမှ လက်နက်ဝယ်ယူမှုများ လျော့ကျလာလိမ့်မည်ဟု SIPRI ၏ ထုတ်ပြန်ချက်တွင် သုံးသပ်ဖော်ပြထားသည်။

တရုတ်သည် နည်းပညာမြင့် လက်နက်များကို ပြည်ပမှ ဝယ်ယူတင်သွင်းမည့်အစား ပြည်တွင်းမှာပင် ထုတ်လုပ်နိုင် သည့် နည်းပညာကို အောင်မြင်စွာရရှိရန် နှစ်ပေါင်း ၃၀ ခန့် အချိန်ယူခဲ့ရသည်ဟု SIPRI ၏ လက်နက် အရောင်း အဝယ် လေ့လာစောင့်ကြည့်ရေးအစီအစဉ်မှ ထိပ်သီးသုတေသနပညာရှင်တစ်ဦးဖြစ်သူ ဆီမွန် ဝိဇ်မန်း (Siemon Wezeman) က ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း တရုတ်က ရုရှားဆီက အများဆုံးဝယ်ယူခဲ့တဲ့ ပစ္စည်း ၂ မျိုးပဲ ရှိခဲ့ပါတယ်။ အဲဒါ တွေကတော့ ရဟတ်ယာဉ်တွေနဲ့ အင်ဂျင်တွေ ဖြစ်ပါတယ်။ အဲဒီအရာတွေကို ထုတ်လုပ်ဖို့အတွက် လုံလောက်တဲ့ နည်းပညာတွေမရှိရင် ပြည်တွင်းမှာ ထုတ်လုပ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် တရုတ်ကတော့ အခုချိန်မှာ အစဉ်အလာကို ချိုးဖျက်နိုင်ခဲ့ပါပြီ” ဟု ၎င်းက ဆိုသည်။

တရုတ်စစ်တပ်ကို တွေ့ရစဉ်

လက်ရှိတွင် တရုတ်သည် တိုက်လေယာဉ်များ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်များနှင့် သင်္ဘောများအတွက် ၎င်း၏ ကိုယ်ပိုင်အင်ဂျင်များကို ထုတ်လုပ်နိုင်စွမ်းရှိလာသည်ဟု ဝိဇ်မန်းက ဆိုသည်။

ထို့ပြင် တရုတ်သည် ၎င်း၏ ကိုယ်ပိုင် ရဟတ်ယာဉ်များကိုလည်း တရုတ်ပြည်တွင်းမှာပင် ထုတ်လုပ်နိုင်လာသဖြင့် ရုရှားနှင့် ဥရောပနိုင်ငံများ၏ ဒီဇိုင်းများနှင့် ရဟတ်ယာဉ်များကို တင်သွင်းဝယ်ယူမှုအား လျှော့ချနိုင်ခဲ့ပြီဖြစ်သည်ဟု ဝိဇ်မန်းက ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်သည် ကမ္ဘာပေါ်တွင် လက်နက်တင်ပို့ ရောင်းချမှုအများဆုံး ထိပ်သီး ၅ နိုင်ငံစာရင်း၌ ပါဝင်လာခဲ့ပြီး တရုတ်လုပ်လက်နက်များကို ပါကစ္စတန်၊ မြန်မာနှင့် အယ်လ်ဂျီးရီးယား အပါအဝင် နိုင်ငံအများအပြားသို့ ရောင်းချ နေသည်ဟုလည်း SIPRI က ဖော်ပြခဲ့သည်။

Source: South China Morning Post