CNI International News

ဘေဂျင်း၊ ဇန်နဝါရီ ၈

တရုတ်နိုင်ငံသည် ရန်သူ့ဒရုန်းများကို တန်ပြန်တိုက်ခိုက်နိုင်သည့် စွမ်းအားမြင့် မိုက်ခရိုဝေ့ဖ် (Microwave) လက်နက်စနစ်သစ်ကို ထုတ်လုပ်နေသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ထိုလက်နက်သည် အမေရိကန်စစ်တပ်တွင် အသုံးပြုနေသည့် အလားတူ လက်နက်စနစ်ထက် ပစ်ခတ်မှု အကွာအဝေး ပိုမိုရှည်လျားကြောင်း သိရသည်။

Hurricane 3000 ဟု အမည်ပေးထားပြီး ထရပ်ကားပေါ်တွင် တပ်ဆင် အသုံးပြုနိုင်သည့် ထိုလက်နက်စနစ်ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့‌သော တရုတ်နိုင်ငံ၏ စစ်ရေးပြ အခမ်းအနား၌  ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်သည်။

ထိုလက်နက်စနစ်သည် အလွန်အားကောင်းသော လျှပ်စစ်သံလိုက်လှိုင်းများကို အသုံးပြုကာ ဒရုန်းအတွင်းရှိ လျှပ်စစ်ပတ်လမ်းများအား လောင်ကျွမ်းစေခြင်းဖြင့် ဖျက်ချခြင်းဖြစ်သည်။

အဆိုပါ လက်နက်စနစ်ကို ထုတ်လုပ်သည့် တရုတ်နိုင်ငံပိုင် Norinco ကုမ္ပဏီ၏ အဆိုအရ Hurricane 3000 သည် အမေရိကန်ကြည်းတပ်၏ လက်နက်များထက် ပစ်ခတ်မှု အကွာအဝေး ပိုမိုရှည်လျားပြီး မတူကွဲပြားသော လေကြောင်းကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိသည်ဟု ဆိုသည်။

ဒရုန်းဖျက်ချနိုင်တဲ့ လက်နက်ကိုတွေ့ရစဉ် 

“ဒီလက်နက်စနစ်ရဲ့ ထိရောက်တဲ့ အကွာအဝေးဟာ အပေါ့စားနဲ့ အသေးစား ဒရုန်းတွေအပြင် အုပ်စုလိုက် လွှတ် တင်တဲ့ ဒရုန်းတွေ (Drone swarms) တွေကိုပါ ၃ ကီလိုမီတာ (၁.၈၆ မိုင်) ကျော် အကွာကနေ ချေမှုန်းနိုင်ပါတယ်။ ဒါဟာ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ရှိနှင့်ပြီးသား အလားတူ စနစ်တွေထဲမှာ ရှေ့ဆုံးက ဦးဆောင်နေတဲ့ အနေအထား ဖြစ်ပါတယ်” ဟု Norinco ကုမ္ပဏီ၏ ကျွမ်းကျင်သူ ယူကျန်းကျွန်း (Yu Jianjun) က ပြောကြားခဲ့ သည်။

“ဒါဟာ အနီးကပ် ကာကွယ်ရေးလို့ခေါ်တဲ့ အကွာအဝေး တိုတိုအတွင်းမှာပဲ သတ်မှတ်ထားတဲ့ ပစ်မှတ် တစ်ခု ချင်းစီကို ကာကွယ်တဲ့ စနစ်ကနေ ပိုမိုကျယ်ပြန့်တဲ့ နယ်မြေတစ်ခုလုံးကို ရန်သူ့လက်နက်တွေ မဝင်နိုင်အောင် တားဆီးတဲ့ စနစ်အထိ အဆင့်မြှင့်တင်လိုက်တာ ဖြစ်ပါတယ်။ ဒီစနစ်မှာ ပိုမိုဝေးကွာတဲ့ ပစ်ခတ်မှု အကွာအဝေးနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်တဲ့ နည်းလမ်းတွေ ပါဝင်လာပါတယ်” ဟု ယူက ရှန်ဟိုင်း (Shanghai) မြို့ အခြေစိုက် Guancha သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

Hurricane 3000 လက်နက်စနစ်သည် မစ်ရှင်ကို ၎င်းလက်နက် စနစ်တစ်မျိုးတည်းဖြင့် သီးခြား လုပ်ဆောင်နိုင် သည့်အပြင် သံမဏိတြိဂံ (Iron Triangle) ဗျူဟာဖြင့် အခြားလက်နက်များနှင့် ပူးတွဲခုခံတိုက်ခိုက်နိုင်သည်။

သံမဏိတြိဂံဗျူဟာ ဆိုသည်မှာ မိုက်ခရိုဝေ့ဖ်၊ လေဆာနှင့် အမြောက်တပ်ဆင်ထားသည့် လက်နက်စနစ် သုံးခုဖြင့် နည်းပညာ ၃ မျိုးကို ပေါင်းစပ်ပြီး ဘက်ပေါင်းစုံမှ ကာကွယ်သည့် ဗျူဟာဖြစ်သည်။

Source: South China Morning Post