CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၈

ဝိန်းရွန်နီ က သူ့ကို မနာလိုဖြစ်နေတယ်ဆိုပြီး ရော်နယ်ဒို က ပြောခဲ့တဲ့ မှတ်ချက်စကားကို အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်းက ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။

ဝိန်းရွန်နီ က ရော်နယ်ဒို ကို လက်ရှိကစားနေတဲ့ ကစားသမားတိုင်းက မနာလိုဖြစ်နေကြတယ်လို့ ဝန်ခံခဲ့ပါတယ်။ “ရော်နယ်ဒို ပြောခဲ့တဲ့ မှတ်ချက်ကို ဒီမနက်မှ ကျနော်တွေ့ခဲ့ရပါတယ်။ ကျနော် ပြောချင်တာက ရော်နယ်ဒို ကို မနာလိုမဖြစ်ဘူးဆိုတဲ့ ကစားသမားတိုင်း ဒီကမ္ဘာပေါ်မှာမရှိပါဘူး။ သူ့ရဲ့ ကစားသမားဘဝမှ သူရရှိခဲ့တဲ့ ဆုဖလားတွေ၊သူရရှိခဲ့တဲ့ ဝင်ငွေတွေ၊ သူ့ရဲ့ Six pack အစရှိသဖြင့်ပေါ့။ မက်ဆီ ကလွဲပြီး အားလုံးက ရော်နယ်ဒိုကို မနာလိုဖြစ်ကြပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ကို ခေါ်ယူခဲ့တာဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် အလုပ်မဖြစ်ဘူးလို့ ဝိန်းရွန်နီ က ပြီးခဲ့တဲ့အပတ်က ပြောခဲ့တာပါ။ ရော်နယ်ဒို ဟာ ဒီရာသီမှာ မန်ချက်စတာကလပ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင် အဖြစ် ရပ်တည်နေတာလည်းဖြစ်ပါတယ်။ ဝိန်းရွန်နီ ပြောတဲ့စကားနဲ့ပတ်သက်ပြီး ရော်နယ်ဒို က “မင်းငါ့ကို မနာလို ဖြစ်နေတာလား”ဆိုပြီး မှတ်ချက်ရေးသားခဲ့တာပါ။

ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျုဗင်တပ်စ်ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။ အသက်(၃၇)နှစ်အရွယ်ရှိ ရော်နယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၁၂)ဂိုးသွင်းယူထားပြီး (၃)ဂိုးဖန်တီးထားပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ (၆)ဂိုးသွင်းယူထားတာပါ။

ဝိန်းရွန်နီ ဟာ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ရော်နယ်ဒို ကို ထွက်ခွာခွင့်ပြုပြီး လူငယ်တွေ၊ အောင်မြင်မှုကို ဆာလောင်နေတဲ့ ကစားသမားတွေနဲ့ အသင်းကို ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ တိုက်တွန်း ထားတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဆုဖလားလက်မဲ့အဖြစ် ဒီရာသီကို အဆုံး သတ်ရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် ရုန်းကန်နေရတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တန်းမဆင်းရဖို့ ကြိုးစားနေတဲ့ အဲဗာတန် အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Goal