CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၈

ရိုးမားအသင်းဟာ ယူရိုပါကွန်းဖရန့်စ်လိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အရေးနိမ့်ခဲ့ပေမယ့် သူတို့ပဲ အကြိုဗိုလ်လုပွဲ တက်ဖို့ ရေပန်းစားနေတာလို့ မော်ရင်ဟိုက ပြောလိုက်ပါတယ်။

ရိုးမားအသင်းဟာ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် နော်ဝေကလပ် ဘိုဒိုဂီလင့်မ် အသင်းနဲ့ ကစားခဲ့တာမှာ ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။ ရိုးမားအသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာလည်း ဘိုဒိုဂီလင့်မ်နဲ့ တွေ့ဆုံခဲ့ဖူးပြီး အဲ့ဒီတုန်းက နော်ဝေကွင်းမှာ ၆ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ရိုးမား အသင်းဟာ အိမ်ကွင်းမှာ ပြန်ကစားခဲ့တဲ့ပွဲမှာလည်း ၂ ဂိုးစီ သရေကျခဲ့တာပါ။ အဲ့ဒါကြောင့် အီတလီ ကလပ်ဟာ ဒီရာသီ ဘိုဒိုဂီလင့်မ် အသင်းနဲ့ ၃ ပွဲ ကစားပြီးရာ ၁ ပွဲမှ အနိုင်မရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ရိုးမား အသင်းဟာ ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး နောက်တစ်ဆင့် တက်ဖို့ဆိုရင် ၂ ဂိုးပြတ်နဲ့ အနိုင်ရဖို့ လိုအပ်နေတာပါ။

မော်ရင်ဟိုက “ပေးခဲ့ရတဲ့ ၂ ဂိုးက တည်ကန်ဘောနဲ့ လမ်းကြောင်း လွဲခဲ့တာတွေကြောင့်ပါ။ ကျနော်တို့လည်း တည်ကန်ဘော ကနေ ဂိုးတွေအများကြီး ရခဲ့ပေမယ့် ဂိုးသွင်းနိုင်ရင် ကောင်းသလို ပေးရရင်တော့ ဆိုးပါတယ်။ ပထမအကျော့မှာ ရှုံးနေပေမယ့် ဒုတိယအကျော့ကတော့ အိမ်ကွင်း ပရိသတ်တွေရှေ့မှာ ကစားရမှာပါ။ အကြိုဗိုလ်လုပွဲတက်ဖို့ ရေပန်းစားနေတယ်ဆိုတာကို အခုအချိန်မှာ ပြောရတာ ပြဿနာမရှိပါဘူး”လို့ ပြောခဲ့ပါတယ်။

ရိုးမားအသင်း(LaRoma)

ဒါ့အပြင် မော်ရင်ဟိုက နော်ဝေကလပ်ရဲ့ ပလပ်စတစ် မြက်ခင်းပြင်ကိုလည်း ပြစ်တင်သွားခဲ့ပြီး အဆိုပါ ကွင်းကြောင့် မန်ချီနီ ဒဏ်ရာ ရသွားခဲ့တာလို့ ပြောခဲ့တာပါ။

“ရိုးရိုးသားသားပြောရရင် ကျနော့်အတွက် အစိုးရိမ်ရဆုံးက မန်ချီနီရဲ့ ဒဏ်ရာပါ။ ဒါက စိုးရိမ်စရာ ကောင်းပါတယ်။ ပလပ်စ တစ် မြက်ခင်းပြင်ပေါ်မှာ ကစားလို့ ဖြစ်ပေါ်လာတဲ့ အရာပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မန်ချီနီဟာ ဒူးဒဏ်ရာ ရသွားခဲ့တာဖြစ်ပြီး စကန်ဖတ် စစ်ဆေးဖို့ လိုအပ်နေတာပါ။ ရိုးမားအသင်းဟာ ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် ယူရိုပါကွန်းဖရန့်စ်လိဂ် တစ်ခုတည်းသာ ရှိတော့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် နည်းပြ မော်ရင်ဟိုဟာ ဒီဆုဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ အီတလီကလပ်ဟာ ဒီရာသီ စီးရီးအေ ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့်(၅)နေရာမှာ ရပ်တည်နေပြီး ကိုပါအီတာလီယာဖလား ပြိုင်ပွဲမှာတော့ ကွာတားဖိုင်နယ် အဆင့်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။