CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၉

ရိုးမားအသင်း ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်ပြီးနောက် နည်းပြ မော်ရင်ဟိုက ကစားသမားတွေရဲ့ အနစ်နာခံမှုကို ချီးကျူးလိုက်ပါတယ်။

မော်ရင်ဟိုက “ဘိုဗီက မယုံနိုင်လောက်အောင်ဖြစ်ပြီး သူက နောက်ခံလူအဖြစ် ကစားခဲ့ပါတယ်။ ဒဏ်ရာ ရနေပေ မယ့် ကစားနိုင်ခဲ့တဲ့ စမောလင်းလည်း အလားတူပါပဲ။ ဒီကောင်လေးတွေက မယုံနိုင်စရာဖြစ်ပြီး သူတို့က ကျနော့် ကို အံ့သြစေခဲ့ပါတယ်။ ကျနော်တို့ ဗိုလ်လုပွဲ တက်နိုင်ခဲ့ပြီဖြစ်လို့ ဆုဖလားကို ယူဆောင်ပြီး အိမ်ပြန်ချင်တယ်”လို့ DAZN ကို ပြောခဲ့တာပါ။

ရိုးမားအသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် လေဗာကူဆင်အသင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ဂိုးမရှိ သရေကျခဲ့တာ ဖြစ်ပါတယ်။

ပထမအကျော့မှာ ရိုးမားအသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်း ရလဒ် ၁ ဂိုး- ဂိုးမရှိနဲ့ ရိုးမား အသင်း အနိုင်ရပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။

လေဗာကူဆင် အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၂၃ ကြိမ်နဲ့ ဂိုးပေါက် တည့်မှု ၆ ကြိမ်အထိ ရှိခဲ့တာ ဖြစ်ပါတယ်။

ရိုးမား ကစားသမားတွေနဲ့ မော်ရင်ဟိုကိုတွေ့ရစဉ်

ရိုးမားအသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ၂၈ ရာခိုင်နှုန်းသာရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁ ကြိမ်နဲ့ ခံစစ်ကို အကောင်းဆုံး ကစားနိုင်ခဲ့တာကြောင့် ဥရောပပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲကို ၂ နှစ်ဆက်တိုက် တက်နိုင်ခဲ့တာပါ။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားအသင်းကို ယူရိုပါကွန်းဖရန့်စ်လိဂ် ပြိုင်ပွဲရဲ့ ပထမဆုံး ချန်ပီယံအသင်း ဖြစ်အောင် ကိုင်တွယ်နိုင်ခဲ့တာဖြစ်ပြီး အခုနှစ်မှာလည်း ယူရိုပါလိဂ်ဗိုလ်လုပွဲ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ဟိုက “ကျနော့်ရဲ့ စိုးရိမ်မှုက ဒီအသင်းရဲ့ သမိုင်းမှာ ပါဝင်ဖို့ မဟုတ်ပေမယ့် ကောင်လေးတွေကို ကစား သမားအဖြစ် ကြီးထွားလာအောင် ကူညီပေးဖို့နဲ့ ဒီအသင်းကို စရောက်ကတည်းက ကူညီပေးခဲ့ကြတဲ့ ပရိသတ် တွေကို ပြန်ကူညီပေးဖို့ပါ။ သူတို့ကို ဥရောပဗိုလ်လုပွဲ သွားရတဲ့ ပျော်ရွှင်မှုတွေကို ပေးချင်ပါတယ်”လို့ ပြောခဲ့ပါ တယ်။

ရိုးမားအသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲအဖြစ် ဆီဗီလာအသင်းနဲ့ မေလ ၃၁ ရက်က ဘူဒါပတ်စ်ရှိ ပွတ်စ်ကတ်စ် အရီနာမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: Roma Press