CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၇

မော်ရင်ဟိုဟာ ရိုးမားအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် လေ့ကျင့်ရေးကွင်းကနေ ထွက်ခွာချိန်မှာ အသင်း ပရိသတ်တွေရဲ့ နှုတ်ဆက်မှုကြောင့် မျက်ရည်တွေဝဲနေခဲ့တာဖြစ်ပါတယ်။

ရိုးမားအသင်းဟာ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေပြီး စီးရီးအေအမှတ်ပေးဇယားမှာ အဆင့် ၉ နေရာကို ရောက်ရှိ ခဲ့တာကြောင့် အသင်းပိုင်ရှင်တွေက နည်းပြ မော်ရင်ဟိုကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ မော်ရင်ဟိုဟာ ရိုးမားအသင်းနည်းပြဘဝနောက်ဆုံးပွဲဖြစ်တဲ့ အေစီမီလန်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပွဲပယ် ပြစ်ဒဏ်ကြောင့် ကွင်းအတွင်းကြီးကြပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ မော်ရင်ဟိုဟာ ဒီရာသီမှာ မကြာခဏဆိုသလို အနီကတ်ပြထုတ်ပယ်ခံရသလို ရိုးမားအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ ၆ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အဲဒါတွေကြောင့်လည်း ရိုးမားအသင်းရဲ့ အမေရိကန်ပိုင်ရှင်တွေက မော်ရင်ဟိုကို ထုတ်ပယ်ခဲ့တာပါ။ မော်ရင်ဟို ဟာ ထုတ်ပယ်ခံရပြီး လေ့ကျင့်ရေးကွင်းကနေ ပြန်ထွက်ခွာချိန်မှာ ရိုးမားအသင်းပရိသတ်တွေရဲ့ နှုတ်ဆက်မှု ကြောင့် မျက်ရည်ဝဲနေခဲ့တာကို Sky Sports က ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ရိုးမားအသင်း ပရိသတ်တွေဟာ မော်ရင်ဟိုကို ကျေးဇူးတင်ကြောင်းပြောခဲ့ကြပြီး ပေါ်တူဂီလူမျိုးနည်းပြနဲ့ ဓါတ်ပုံရိုက်ခဲ့ကြတာပါ။ 

၂၀၂၁ ခုနှစ်က ရိုးမားအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုဟာ သူ့ရဲ့ ပထမဆုံးရာသီမှာ အသင်းကို ယူရိုပါကွန်းဖရန့်လိဂ်ဖလားရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပြီး မနှစ်ကရာသီမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ဒီရာသီအစပိုင်းမှာကတည်းက ရလဒ်တွေဆိုးနေခဲ့ပြီး မကြာသေးခင်က ကိုပါအီတာလီယာဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ အဲဒါကြောင့် ရိုးမားအသင်းအတွက် ဒီရာသီမှာ ဆုဖလားရယူနိုင်စရာအဖြစ် ယူရိုပါလိဂ်ဖလားသာ ကျန်ရှိတော့တာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ရိုးမားအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၁၃၈ ပွဲမှာ ၆၈ ပွဲအနိုင်ရခဲ့ပြီး သရေ ၃၀ ပွဲနဲ့ ရှုံးပွဲ ၄၀ ပွဲရှိခဲ့တာပါ။ ရိုးမားအသင်းဟာ မော်ရင်ဟိုရဲ့နေရာမှာ ကစားသမားဟောင်း ဒီရော့စီကို အခုရာသီအကုန်ထိ နည်းပြသစ်အဖြစ် ခန့်အပ်ထားပါတယ်။ ရိုးမားအသင်းဟာ ဇန်နဝါရီ ၂၀ ရက်မှာ စီးရီးအေပွဲစဉ်အဖြစ် ဗီရိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။