CNI Sport News

 ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၇

အင်္ဂလန်ပရော်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့ချုပ်(PGMOL)ရဲ့ အကြီးအကဲ ဟောင်းဝပ်ဝက်ဘ်က အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းကွင်းလယ်လူ အိုဒီဂတ်ရဲ့လက်ထိဘောကြောင့် လီဗာပူးလ်အသင်း ပင်နယ်တီရသင့်တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဟောင်းဝပ်ဝက်ဘ်က “ဒီအခြေအနေမှာ ပင်နယ်တီရဖို့ မျှော်လင့်ခဲ့ကြပြီး ဒါကို ကျနော်လည်း သဘောတူပါတယ်။ အိုဒီဂတ်ဟာ ချော်လဲကျပြီး သူ့ရဲ့ လက်က မြေပြင်ပေါ်ရောက်သွားတာကို ကွင်းထဲမှာရှိတဲ့ ဒိုင်လူကြီးက အသိအမှတ်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးက လက်နဲ့ ထိလိုက်တဲ့အချိန်မှာ သူ့ရဲ့ လက်နဲ့ပြန်ပြီး ဆွဲယူသလို ဖြစ်သွားခဲ့ပါတယ်။ ဒီတုန့်ပြန်ချက်တွေက အလွန်ရှင်းပြီး မှန်ကန်တဲ့ရလဒ်ကို မရောက်ခဲ့ဘူးလို့ ကျနော်ထင်တယ်” လို့ ပြောခဲ့တာပါ။

လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့ ၁ ဂိုးစီသရေကျခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၃ ရက်ကပွဲစဉ်မှာ အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်ဟာ ဂိုးဧရိယာအတွင်းမှာ ဘောလုံးကို လက်နဲ့တားဆီးခဲ့သလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်လူကြီးက လီဗာပူးလ်အသင်းကို ပင်နယ်တီမပေးခဲ့သလို VAR ကလည်း ဒီအဖြစ်အပျက်ကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။ လီဗာပူးလ်အသင်း နည်းပြ ကလောပ့်ဟာ သူတို့အသင်း ပင်နယ်တီမရခဲ့တဲ့အတွက် အလွန်စိတ်ပျက်နေခဲ့ပြီး အာဆင်နယ်အသင်း နောက်ခံလူ ဆာလီဘာက လီဗာပူးလ်အသင်းကို ပင်နယ်တီပေးသင့်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကွင်းလယ်ဒိုင်လူကြီးနဲ့ VAR ရဲ့ အမှားအယွင်းတွေကြောင့် မကြာခဏဆိုသလို အငြင်းပွားမှုတွေဖြစ်ခဲ့ပြီး ဟောင်းဝပ်ဝက်ဘ်ကလည်း ဒီလိုမျိုးအမှားကို ဝန်ခံတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ စပါးအသင်းနဲ့ ပွဲစဉ်မှာလည်း လူးဝစ်ဒီယက်ဇ်ရဲ့သွင်းဂိုးကို လူကျွံဘောဆိုပြီး ပယ်ဖျက်ခဲ့တာကြောင့် အငြင်းပွားဖွယ်ရာဖြစ်ရပ် ကြုံတွေ့ရပြီးနောက် နောက်ထပ်တစ်ကြိမ် အမှားအယွင်းပြုလုပ်တာကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာ ဒုတိယနေရာက မန်စီးတီးအသင်းကို ၂ မှတ်အသာရပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။ အန်ဖီးလ်ကလပ်ဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဇန်နဝါရီ ၂၁ ရက်မှာ ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source:Goal