CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆

ယူနိုက်တက်အသင်းဟာ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အယ်လ်အစ်တီဟတ်အသင်း တိုက်စစ်မှူး ဘန်ဇီမာကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှု ပြုလုပ်ဖို့မရှိဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ တိုက်စစ်ပိုင်းက သွင်းဂိုးရရှိမှု နည်းပါးတာကို ဖြေရှင်းဖို့ လုပ်ဆောင်နေတာ ကြောင့် ဘန်ဇီမာနဲ့ ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ 

ဒါပေမယ့် ဘန်ဇီမာရဲ့ အသက်အရွယ်နဲ့ လုပ်ခလစာ တောင်းဆိုမှုတွေကြောင့် ယူနိုက်တက်အသင်းဟာ အခု အပြောင်းအရွှေ့မှာ ပြင်သစ်တိုက်စစ်မှူးဟောင်းကို ကမ်းလှမ်းမှုမပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီး ဆော်ဒီကို ပြောင်းရွှေ့ခဲ့တဲ့ ဘန်ဇီမာဟာ အယ်လ်အစ်တီ ဟတ်အသင်းနဲ့ အဆင်မပြေမှုတွေ ရှိနေတာပါ။ 

ဘန်ဇီမာဟာ ကလပ်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို လွဲချော်ခဲ့သလို မကြာသေးခင်က အသင်းနဲ့ ပူးပေါင်းလာခြင်း မရှိတာကြောင့် ဒူဘိုင်းမှာ စခန်းသွင်း လေ့ကျင့်မှုတွေ ပြုလုပ်မယ့် အယ်လ်အစ်တီဟတ်အသင်း လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဘန်ဇီမာကို တွေ့ရစဉ်

အဲ့ဒါကြောင့်လည်း ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့တာ တစ်နှစ်မပြည့်ခင်မှာ ပြန်လည် ထွက်ခွာသွားဖွယ်ရှိနေတာပါ။

ဘန်ဇီမာဟာ ဒီရာသီမှာ အယ်လ်အစ်တီဟတ်အသင်းအတွက် ဆော်ဒီပရိုလိဂ်ပွဲစဉ် ၁၅ ပွဲမှာ ၉ ဂိုး သွင်းယူထား ပေမယ့် ကလပ်အသင်းရဲ့ ချန်ပီယံဆု ကာကွယ်နိုင်ဖို့ မျှော်လင့်ထားတဲ့အရာကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတာ ဖြစ်ပါတယ်။

ဘန်ဇီမာဟာ ဆော်ဒီကလပ် ပရိသတ်တွေရဲ့ လှောင်ပြောင်မှု ခံရတဲအပေါ်မှာလည်း စိတ်ပျက်နေပြီး သူ့ရဲ့ အင်စတာဂရမ်အကောင့်ကို ဖျက်ပစ်ခဲ့တာပါ။ 

ဘန်ဇီမာကတော့ ဥရောပကို ပြန်လာပြီး ထိပ်တန်းအသင်းမှာ ပြန်ကစားဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

ဘန်ဇီမာအပြင် ကန်တီ၊ ဖာဘင်ဟိုတို့ကို ခေါ်ယူထားတဲ့ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အယ်လ်အစ်တီ ဟတ်အသင်းဟာ ဒီရာသီလိဂ်ပွဲစဉ် ၁၈ ပွဲ ကစားအပြီးမှာ အဆင့် ၇ နေရာ ရပ်တည်နေပြီး ထိပ်ဆုံးနေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၂၅ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။

Source: Goal