CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉

ဘာစီလိုနာအသင်းတိုက်စစ်မှူးဟောင်း ဆွာရက်ဇ်က သူ့ရဲ့ စိတ်ပြောင်းသွားမှုကြောင့် အာဆင်နယ်အသင်းနဲ့ ဘန်ဇီမာ တို့ရဲ့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တဲ့အကြောင်းကို ဖွင့်ဟသွားခဲ့ပါတယ်။

ဆွာရက်ဇ်က “၂၀၁၄ ကမ္ဘာ့ဖလားမတိုင်ခင်က ရီးရယ်လ်က ကျနော့်ကို ခေါ်ယူချင်ခဲ့ပြီး အရာအားလုံးက လမ်းကြောင်းမှန်ပေါ်ရောက်နေခဲ့ပါတယ်။ သူတို့က ဘန်ဇီမာကို အာဆင်နယ်ထံ ရောင်းချဖို့ စီစဉ်နေပြီး အဆုံးသတ်ဖို့ပဲရှိပါတော့တယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲလည်းစရော ဘာစီလိုနာက ဒီပြိုင်ပွဲထဲပါဝင်လာခဲ့ပြီး ကျနော်လည်း ဘာစီလိုနာကို သဘောကျပါတယ်။ နောက်ဆုံးမှာတော့ ဒီရွေးချယ်စရာ ၂ ခုထဲက ကျနော့်ရဲ့ အိပ်မက်ဖြစ်တဲ့ ဘာစီလိုနာကို ရွေးချယ်ခဲ့တာပါ” လို့ DelSol 99.5 FM radio station ကို ပြောခဲ့တာပါ။

၂၀၁၃ ခုနှစ်မှာ ဆွာရက်ဇ်ဟာ လီဗာပူးလ်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒပြင်းပြခဲ့ပြီး အာဆင်နယ်အသင်းက နွေ ရာသီမှာ ပေါင်သန်း ၄၀ နဲ့ ၁ ပေါင်ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ လူအများကြားပြောစရာဖြစ်ခဲ့တဲ့ အာဆင်နယ် အသင်းရဲ့ ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းက ပယ်ချခဲ့တာပါ။ ၂၀၁၄ ခုနှစ်မှာတော့ ဆွာရက်ဇ်ဟာ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ခဲ့ပြီး တစ်ရာသီအတွင်း ဆုဖလား ၃ လုံးအပါအဝင် ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းထံ မပြောင်းရွှေ့ခင် ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေး တယ်လို့ ပြောခဲ့တာပါ။ ရီးရယ်လ်အသင်းဟာ ဆွာရက်ဇ်ကို ခေါ်ယူဖို့အတွက် အကြိုသဘောတူညီမှုရခဲ့ပြီး ဘန်ဇီမာကို အာဆင်နယ်အသင်းထံ ရောင်းချကာ ပြောင်းရွှေ့ကြေး ရှာဖွေဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆွာရက်ဇ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီနောက်ခံလူ ချီလီနီကို ကိုက်ခဲ့တာကြောင့် ရီးရယ်လ်အသင်းရဲ့ စိတ်ဝင်စားမှုဟာ လျော့နည်းသွားခဲ့ပါတယ်။

ဒီအချိန်မှာ ဘာစီလိုနာအသင်းက အရှိန်မြှင့်ကြိုးပမ်းခဲ့တာကြောင့် ဆွာရက်ဇ်ဟာ ကတ်တလန်ကလပ်နဲ့ အပြောင်း အရွှေ့ဖြစ်ခဲ့တာပါ။ ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ မက်ဆီ၊နေမာတို့နဲ့ အတွဲအဖက်မိခဲ့ပြီး ၂၀၁၄-၁၅ ရာသီ မှာ အသင်းကို ဆုဖလား ၃ လုံးရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Metro