CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁

ဆွီဒင်တိုက်စစ်မှူးယိုကီရက်စ်ဟာ နွေရာသီအပြောင်းအရွှေ့မှာ အသင်းအများအပြားရဲ့ စိတ်ဝင်စားမှု ခံခဲ့ရပေမယ့် အာဆင်နယ်အသင်းထံပြောင်းရွှေ့ဖို့က သူ့အတွက်လွယ်ကူတဲ့ရွေးချယ်မှုလို့ ပြောခဲ့ပါတယ်။ 

ယိုကီရက်စ်က “အခြားအသင်းတွေရဲ့စိတ်ဝင်စားမှုတွေလည်းခံခဲ့ရပေမယ့် ကျနော့်အတွက် ဒီအပြောင်းအရွှေ့ဟာ ခက်ခဲတဲ့ရွေးချယ်မှုလို့ မခံစားခဲ့ရပါဘူး။ အင်္ဂလန်ကိုပြန်လာဖို့ အမြဲတမ်းစိတ်ထဲမှာ ရှိမနေပေမယ့် ကျနော် ပေါ်တူဂီမှာရှိခဲ့တုန်းက ပြန်လာဖို့ ရွေးချယ်စရာတစ်ခုဖြစ်နိုင်ခဲ့ပါတယ်။ ဘာလို့လဲဆိုရင် ဒါက ကမ္ဘာ့အကောင်းဆုံး လိဂ်ဖြစ်နေလို့ပါ။ ဒါကြောင့်လည်း ပရီးမီးယားလိဂ်မှာကစားဖို့ အမြဲတမ်းရည်မှန်းခဲ့ပါတယ်။ အချိန်တန်ပြီဆိုပြီး ခံစားမိတဲ့အချိန်မှာတော့ ပြန်လာဖို့တွန့်ဆုတ်မနေခဲ့ပါဘူး”လို့ ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းအပါအဝင် ဥရောပထိပ်တန်းကလပ်အချို့ရဲ့ပစ်မှတ်ဖြစ်ခဲ့တဲ့ ယိုကီရက်စ်ရဲ့ အာဆင်နယ် အသင်းထံ အပြောင်းအရွှေ့ဟာ ဖြစ်မြောက်ဖို့ကြာမြင့်ခဲ့ပြီး မကြာသေးမီရက်သတ္တပတ်ကမှ ပြီးမြောက်ခဲ့တာ ဖြစ်ပါတယ်။ 

စပို့တင်းလစ္စဘွန်းအသင်းအတွက် ၁၀၂ ပွဲကစားခဲ့ပြီး ၉၇ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ယိုကီရက်စ်ဟာ အခြားအသင်းတွေရဲ့စိတ်ဝင်စားမှုခံခဲ့ရပေမယ့် သူကတော့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ကိုသာ ဆုံးဖြတ်ခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ နည်းပြအာတီတာရဲ့ပထမဆုံးရာသီဖြစ်တဲ့ ၂၀၂၀ ခုနှစ်မှာ FA ဖလားရယူပြီးနောက်ပိုင်း ဆုဖလားတွေနဲ့ဝေးကွာနေသလို ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့နောက်ဆုံး ၃ ရာသီစလုံး အဆင့် ၂ နေရာတွေနဲ့ ကျေနပ် ခဲ့ရပါတယ်။ 

စပို့တင်းလစ္စဘွန်းအသင်းမှာ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ယိုကီရက်စ်က အောင်မြင်မှု ရယူချင်ရင် တစ်သင်းလုံးအတူလက်တွဲအလုပ်လုပ်ဖို့လိုအပ်ပြီး ဒါမှလည်း ကောင်းမွန်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင် နိုင်မယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ယိုကီရက်စ်က ဂန္ထဝင်အွန်နရီဝတ်ဆင်ခဲ့တဲ့ ကျောနံပတ် ၁၄ ဝတ်ဆင်မယ့်အပေါ်မှာလည်း သူနဲ့နှိုင်းယှဉ်ဖို့ ရည်ရွယ်ထားခြင်းမရှိကြောင်းနဲ့ ကိုယ်ပိုင်လုပ်ဆောင်မှုတွေသာ ချပြချင်တယ်လို့ ပြောခဲ့ပါတယ်။ 

Source:ESPN