CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆

စကာလိုနီဟာ အာဂျင်တီးနားအသင်း ချန်ပီယံဆုကို ကာကွယ်ရမယ့် အခုနွေရာသီ ကိုပါအမေရိကဖလားပြိုင်ပွဲ အထိ နိုင်ငံအသင်းရဲ့နည်းပြအဖြစ် ဆက်ရှိမယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်(AFA)ဥက္ကဋ္ဌ တာပီယာဟာ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ကိုပါအမေရိက ဖလားပြိုင်ပွဲမတိုင်ခင် တရုတ်နိုင်ငံမှာ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ဖို့အတွက် နည်းပြ စကာလိုနီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ဒီသတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ 

TyCSports ရဲ့ အားကစားဂျာနယ်လစ် ဂတ်စတန်အီဒဲလ်က “စကာလိုနီဟာ အာဂျင်တီးနားအသင်းမှာ ဆက်လက် ရှိနေမှာဖြစ်ပြီး ကိုပါအမေရိကဖလားပြိုင်ပွဲအထိ ကိုင်တွယ်သွားမှာပါ။ လာမယ့်ရက် အနည်းငယ်အတွင်းမှာ ဒါကို အတည်ပြုပါလိမ့်မယ်”လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

စကာလိုနီဟာ ဘရာဇီးလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်) ပွဲစဉ် အပြီးမှာ အာဂျင်တီးနားအသင်းရဲ့ နည်းပြရာထူးကနေ ထွက်ခွာမယ့်အကြောင်း အရိပ်အမြွက်ပြောခဲ့ပါတယ်။ 

စကာလိုနီကို တွေ့ရစဉ်

အသက် ၄၅ နှစ်အရွယ်ရှိ စကာလိုနီဟာ အာဂျင်တီးနားအသင်းကို ၂၀၁၈ ခုနှစ်က စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂၀၂၁ ကိုပါအမေရိကဖလားနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဆုရရှိအောင် ကိုင်တွယ်ခဲ့ပါတယ်။

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်နဲ့ စကာလိုနီတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေတာ ကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးအထိ ဆက်ကိုင်တွယ်ဖို့ AFA က အလိုရှိနေတာ ဖြစ်ပါတယ်။ 

စကာလိုနီဟာ အာဂျင်တီးနားအသင်းကို ကိုင်တွယ်ထားတဲ့ ၆၇ ပွဲမှာ ၄၆ ပွဲအထိ အနိုင်ရအောင် ကိုင်တွယ်ပေး ထားပြီး အနိုင် ရာခိုင်နှုန်းက ၆၈.၆၆ အထိရှိတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

ဇွန်လ ၂၀ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ ကျင်းပမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းဟာ အုပ်စု A မှာ ပီရူး၊ ချီလီ၊ ကွန်ကာကပ်ဇုန်ပလေးအော့ဖ်မှာ အနိုင်ရတဲ့ အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေ တာ ဖြစ်ပါတယ်။ 

Source: CNA