CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၈

နာမည်ကျော် လက်ဝှေ့ကစားသမား မေဝယ်သာဟာ သူ့ရဲ့ လေ့ကျင့်ဖော်ဟောင်းဖြစ်တဲ့ ဒွန်မိုးနဲ့ ဒူဘိုင်း ဟိုတယ်ပေါ်ရှိ လေယာဉ် ရပ်နားတဲ့နေရာမှာ သရုပ်ပြပွဲအဖြစ် ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

(၈)ချီ ထိုးသတ်မယ့် ဒီသရုပ်ပြပွဲကို မေလ ၁၄ ရက်ကျရင် Burj Al Arab ဟိုတယ်မှာ ကျင်းပသွားမှာပါ။ မေဝယ်သာဟာ အသက် ၂၀ အရွယ်ရှိသူ Youtube ကြယ်ပွင့်တစ်ဦးနဲ့ ဒီနေရာမှာ ထိုးသတ်ဖို့ စီစဉ်ခဲ့ပေမယ့် ဆွေးနွေးမှုတွေဟာ ပျက် ပြယ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပရော်ဖက်ရှင်နယ် လက်ဝှေ့ ကစားသမားဘဝမှာ ရှုံးပွဲမရှိတဲ့ မေဝယ်သာဟာ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၇၀၀ မြင့်တဲ့ နေရာမှာ ထိုးသတ်မယ့်ပွဲကို ကြေညာခဲ့တာပါ။

အသက် ၄၅ နှစ်အရွယ်ရှိ မေဝယ်သာနဲ့ အသက် ၄၂ နှစ်အရွယ်ရှိ ဒွန်မိုးတို့ဟာ စိမ်းတဲ့သူတွေ မဟုတ်ကျဘဲ မေဝယ်သာ ဦးလေးလက်အောက်မှာ အတူတွဲဖက် သင်ကြားမှုတွေ ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ လတ်စ်ဗီးဂတ်စ်ရှိ မေဝယ်သာ ဘောက်ဆင်ကလပ်မှာ လေ့ကျင့်ဖော်တွေအဖြစ် အကြိမ်ပေါင်းများစွာ ထိုးသတ်မှုတွေကို မျှဝေခဲ့ကြတာ ပါ။

ဒွန်မိုးဟာ ၂၀၁၆ ကတည်းက ထိုးသတ်ခြင်း မရှိတော့ပါဘူး။ ထိုးသတ်ခဲ့တဲ့ ၁၉ ပွဲမှာ ၁၈ ပွဲနိုင်ပြီး ၁ ပွဲသာ သရေကျခဲ့တာ ဖြစ်ပါတယ်။

မေဝယ်သာနဲ့ ဒွန်မိုး ထိုးသတ်မယ့် ပွဲစဉ်(The Sun)

မေဝယ်သာ ကတော့ ၂၀၁၇ UFC ကြယ်ပွင့် မက်ဂရီဂေါကို အနိုင်ထိုးသတ်ခဲ့ပြီး ကစားသမားဘဝ ထိုးသတ်ခဲ့တဲ့ ပွဲပေါင်း ၅၀ လုံး အနိုင်ယူကာ ကစားသမားဘဝကနေ တရားဝင် အနားယူခဲ့တာပါ။ ဒါပေမယ့် မေဝယ်သာဟာ အနားယူပြီးနောက် ၂ ကြိမ် တိုင်တိုင် လက်ဝှေ့ကြိုးဝိုင်းထဲကို ပြန်ရောက်လာခဲ့ပြီး ကစ်ဘောက်ဆာ နာဆူကာဝါနဲ့ Youtuber လိုဂန်ပေါလ်တို့နဲ့ သရုပ်ပြပွဲ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။

မေဝယ်သာဟာ Monkey Kicks လို့ နာမည်ပြောင်ရထားတဲ့ ဘယ်လ်ဟာဆာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး ဒူဘိုင်းပွဲမှာ ထိုးသတ်ဖို့ စဉ်းစားခဲ့တာပါ။
The Global Titans Fight Series လို့ နာမည်ပေးထားတဲ့ ဒီပွဲမှာ UFC နာမည်ကျော် အန်ဒါဆန်ဆေးလ်ဗားနဲ့ ဘရာဇီးလ် MMA ဖိုက်တာ ဘရူနိုမာချာဒိုတို့ရဲ့ ပွဲစဉ်လည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Source: The Sun