CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၇

ဟဲဗီးဝိတ်တန်းတွေဖြစ်တဲ့ အန်သိုနီဂျိုရွှာနဲ့ ဒီလီယန်ဝှိုက်တို့ရဲ့ မကျေပွဲကို သြဂုတ် ၁၂ ရက် လန်ဒန်မှာရှိတဲ့  O2 Arena မှာ ကျင်းပသွားဖို့ ရှိပါတယ်။

၂၀၁၅ ခုနှစ်က သူတို့နှစ်ဦး ထိုးသတ်ခဲ့တဲ့ပွဲမှာ အန်သိုနီဂျိုရွှာက ၇ ချီမြောက်မှာ ဒီလီယန်ဝှိုက်ကို အလဲထိုးနဲ့ အနိုင် ရရှိခဲ့တာပါ။ 

အိုလံပစ် ရွှေတံဆိပ်ဆုရှင်ဖြစ်တဲ့ အန်သိုနီဂျိုရွှာဟာ ကမ္ဘာ့ချန်ပီယံဆုကို ၂ ကြိမ်ရရှိထားပြီး ဒီလီယန်ဝှိုက်ကတော့ ၂၀၂၂ ခုနှစ်မှာ တိုင်ဆန်ဗျူရီကို အရေးနိမ့်ခဲ့တဲ့ပွဲက သူ့ရဲ့ တစ်ပွဲတည်းသော ချန်ပီယံဆုကို စိန်ခေါ်တဲ့ ပွဲအဖြစ် လည်း မှတ်တမ်းဝင်ထားတာ ဖြစ်ပါတယ်။

အန်သိုနီဂျိုရွှာက “ဒီနှစ်မှာ ကျနော့်ရဲ့ အစီအစဉ်က တက်ကြွနေမယ်ဆိုတာ ရှင်းပါတယ်။ သြဂုတ် ၁၂ ရက်မှာ ထိုးမယ့်ပွဲအတွက်လည်း ကျနော့်ဘက်က အဆင်သင့်ဖြစ်နေပါပြီ။ ဒီပွဲကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။

အန်သိုနီဂျိုရွှာဟာ အခုနှစ်ဧပြီလက ဖရန်ကလင်မ်ကို အနိုင်ရပြီးနောက် ဒီပွဲက အခုနှစ်ထဲမှာ ထိုးသတ်မယ့် ဒုတိယမြောက်ပွဲလည်း ဖြစ်တာပါ။ 

အန်သိုနီဂျိုရွှာကိုတွေ့ရစဉ်

ဒီလီယန်ဝှိုက်ကလည်း နောက်ဆုံးပွဲအဖြစ် ဖရန်ကလင်မ်နဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ထိုးသတ်ခဲ့ပြီး အနိုင်ရရှိခဲ့ တာ ဖြစ်ပါတယ်။ 

ဒီလီယန်ဝှိုက်ဟာ အပျော်တမ်း လက်ဝှေ့သမားအဖြစ် အန်သိုနီဂျိုရွှာကို အနိုင်ရပြီးနောက်မှာ သူတို့နှစ်ဦးရဲ့ ခါးသီးတဲ့ ပြိုင်ဆိုင်မှုကို ဖန်တီးခဲ့တာလို့ သိရပါတယ်။ ပရော်ဖက်ရှင်နယ်အဖြစ် ထိုးသတ်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ပွဲမှာတော့ အန်သိုနီဂျိုရွှာဟာ အပျော်တမ်းဘဝက ရှုံးပွဲကို ပြန်လက်စား ချေနိုင်ခဲ့တာပါ။

ဒီလီယန်ဝှိုက်က “သြဂုတ်လ ၁၂ ရက် လန်ဒန်မှာ ထိုးသတ်မယ့်ပွဲကို ပြန်လာပြီး တိုက်ပွဲဝင်ဖို့ ကျနော်စောင့်မျှော် နေပါတယ်။ အခုက ၁ ပွဲစီ အနိုင်ရထားပြီးပြီဆိုတော့ လာမယ့်ပွဲက အဆုံးအဖြတ်ဖြစ်လာမှာပါ”လို့ ပြောခဲ့ပါတယ်။

အန်သိုနီဂျိုရွှာနဲ့ ဒီလီယန်ဝှိုက်တို့ဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာ ရှုံးပွဲ ၃ ပွဲစီ ကြုံတွေ့ထားတယ်လို့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

Source:BBC