CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၇
ဘရာဇီးလ်တိုက်စစ်မှူး ဂျီးဆပ်စ်က နည်းပြ ဂွာဒီယိုလာဟာ သူ့ကို ချန်ပီယံလိဂ် ပွဲထွက်လူစာရင်းက ချန်လှပ်ပြီး ငိုအောင် ပြုလုပ်ခဲ့တာကြောင့် မန်စီးတီးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။
ဂျီးဆပ်စ်က “ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂွာဒီယိုလာက ဇင်ချန်ကိုကို တိုက်စစ်နေရာမှာ ထားပြီး အသုံးပြုခဲ့ပါတယ်။ တကယ်ကို ရူးသွပ်စရာကောင်းတဲ့ အရာပါ။ ပွဲမတိုင်ခင် လေ့ကျင့်ရေးကွင်းမှာ တုန်းက ဆိုရင် သူက ဇင်ချန်ကိုကိုတောင် အသုံးပြုခဲ့တာ မဟုတ်ဘဲ ကျနော့်ကို တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့ပါတယ်။ ဂွာဒီယိုလာက အသင်းကို ပြောတဲ့အချိန်မှာ ကျနော်က အခန်းထဲကို တန်းဝင်သွားပြီး ငိုခဲ့ရပါတယ်။ ပြီးတော့ အမေ့ဆီဖုန်းဆက်ပြီး ကျနော်အသင်းကနေ ထွက်ချင်တယ်လို့ ပြောခဲ့ကြောင်း” Denilson Show podcast မှာ ပြောပါတယ်။
ဂျီးဆပ်စ်ဟာ မန်စီးတီးအသင်းမှာ ပုံမှန်ကစားခွင့် ဆုံးရှုံးခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
ဘရာဇီးလ်တိုက်စစ်မှူးဟာ သူ့ကို ချန်ပီယံလိဂ် ပွဲကြီးပွဲကောင်းရဲ့ ပွဲထွက်လူစာရင်းမှာ နည်းပြ ဂွာဒီယိုလာက ချန်လှပ်ခဲ့တဲ့ အချိန်မှာတော့ မန်စီးတီးကနေ ထွက်ခွာမယ့် ဆုံးဖြတ်ချက်က ပိုပြီးသေချာသွားခဲ့တာပါ။
ဇင်ချန်ကိုနဲ့ ဂျီးဆပ်စ်ကို တွေ့ရစဉ်
မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် ရယူနိုင်ခဲ့တဲ့ ဂျီးဆပ်စ်က သူဟာ နည်းပြ ဂွာဒီယိုလာနဲ့ အဆင်မပြေမှုတွေ အများအပြားရှိခဲ့တာကြောင့် အသင်းမှာ ဆက်မနေချင်တော့တာလို့ ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။
ဂျီးဆပ်စ်က “ ဘတ်ပီက ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုးသွင်းပြီး ၅ မိနစ်အကြာမှာတော့ ဂွာဒီယိုလာက ကျနော့် ကို ခေါ်ပြီး လူစားလဲ ဝင်ရောက်စေခဲ့ပါတယ်။ ကျနော်ကလည်း ဂိုးဖန်တီးမှုနဲ့ အသင်းအတွက် ဂိုးသွင်းပြီး ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ နောက်ပွဲမှာတော့ ကျနော်ကစားခွင့်ရမယ်လို့ တွေးခဲ့ပေမယ့် မကစားခဲ့ ရပါဘူး။ ဂွာဒီယိုလာနဲ့အတူ ဖြစ်ခဲ့တဲ့ အရာတွေ အများကြီးရှိခဲ့ပြီး လွယ်တော့မလွယ်ပါဘူး။ အဲဒါကြောင့် ကျနော် ဆက်မနေချင်တော့တဲ့အတွက် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်”လို့ ပြောပါတယ်။
ဂျီးဆပ်စ်နဲ့ ဇင်ချန်ကိုတို့ဟာ မန်စီးတီးအသင်းကနေ အာဆင်နယ်အသင်းထံ ပြီးခဲ့တဲ့နှစ် နွေရာသီက အတူတူ ပြောင်းရွှေ့လာခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ်မှာ ဒုတိယနေရာနဲ့ နှစ်ပေါင်းများစွာကြာ ဝေးကွာခဲ့တဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
Source: Livescore