CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၇

အသလက်တီကိုအသင်းက ကျောနံပါတ် ၇ ဂျာစီမှာ သူ့ရဲ့ နာမည်ကို ဖယ်ရှားလိုက်တာကြောင့် ပေါ်တူဂီကြယ်ပွင့် ဂျာအိုဖိလစ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တယ်လို့ ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီရဲ့ ဒုတိယရာသီဝက်မှာ ချယ်လ်ဆီးအသင်းထံ အငှားသွားရောက် ကစားခဲ့တဲ့ ဂျာအိုဖိလစ်ဟာ အသင်းရဲ့ ရလဒ်ပိုင်းကို တိုးတက်မှုရရှိအောင် မလုပ်ဆောင်ပေးနိုင်ခဲ့တာကြောင့် နည်းပြသစ် ပိုချက်တီနိုက သူ့ကို အပြီးသတ် မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒါကြောင့် ပေါ်တူဂီကစားသမားဟာ အသလက်တီကိုအသင်းထံ ပြန်ပြီး တခြားပစ်မှတ်တွေကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ စပိန်ကလပ်ကလည်း ဂျာအိုဖိလစ်ကို အခုအပြောင်းအရွှေ့မှာ ရောင်းချဖို့ ပြင်ဆင်ထားတာပါ။

အဲဒါကြောင့်လည်း အသလက်တီကိုအသင်းဟာ အသင်းမှာ သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၇ ကို တိုက်စစ်မှူး ဂရဇ်မန်းထံ လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဂရစ်ဇ်မန်းဟာ အသလက်တီကိုအသင်းမှာ ပထမအကြိမ် ကစားခဲ့တုန်းက ကျောနံပါတ် ၇ ဂျာစီကို ဝတ်ဆင်ခဲ့ တာဖြစ်ပြီး ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့သွားချိန်မှာ ဂျာအိုဖိလစ်က ဒီနံပါတ်ကို ဝတ်ဆင်ခဲ့ရတာပါ။

ဂရစ်ဇ်မန်းနဲ့ ဂျာအိုဖိလစ်ကို တွေ့ရစဉ်

အခုအချိန်မှာ အသလက်တီကိုအသင်းက ဂရစ်ဇ်မန်းကို ကျောနံပါတ် ၇ ပြန်ပေးခဲ့တာကြောင့် ဂျာအိုဖိလစ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အသလက်တီကိုနည်းပြ ဆီမြွန်နီနဲ့ ဂျာအိုဖိလစ်တို့ရဲ့ ဆက်ဆံရေးဟာ တင်းမာနေတာကြောင့် နှစ်ဦးသား အလုပ် အတူတူတွဲလုပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ Relevo သတင်းမှာ ဖော်ပြထားတာပါ။ 

အဲဒါကြောင့်လည်း ပီအက်စ်ဂျီအသင်းက ဂျာအိုဖိလစ်အတွက် ရွေးချယ်စရာ ဖြစ်လာခဲ့ပြီး ပြင်သစ်ကလပ် နည်းပြသစ် လူးဝစ်အင်းနရစ်ဟာ ပေါ်တူဂီကစားသမားကို အသင်းထံ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ ဂျာအိုဖိလစ်နဲ့ အသလက်တီကို အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး စပိန်ကလပ်ကတော့ ကစားသမားအတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်း လိုချင်နေတာ ဖြစ်ပါတယ်။ 

ဒီပြောင်းရွှေ့ကြေးနဲ့ နီးစပ်တဲ့ ပမာဏ မရဘူးဆိုရင်တော့ အသလက်တီကိုအသင်းဟာ ဂျာအိုဖိလစ်ကို အသင်းမှာ ဆက်ပြီးထားရှိမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Source: Daily Mail