CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီဟာ မာဆေးလ်အသင်းကို အနိုင်ရခဲ့တဲ့ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ဒဏ်ရာ ရရှိသွားခဲ့ပေမယ့် သူ့ရဲ့ဒဏ်ရာဟာပြင်းထန်ခြင်းမရှိဘူးလို့ နည်းပြ အင်းနရစ်က အတည်ပြုခဲ့ပါတယ်။

အင်းနရစ်က “ဘတ်ပီရဲ့ ဒဏ်ရာကမပြင်းထန်ပါဘူး။ ဒါပေမယ့် နာကျင်မှုတော့ ရှိခဲ့ပါတယ်။ လူစားလဲလိုက်တာက ပိုပြီးကောင်းမယ်လို့ ကျနော်တွေးမိခဲ့တာပါ။ ဒါဟာ ထိုးနှက်ချက်ဖြစ်ပေမယ့်လည်း သူအဆင်ပြေပါတယ်” လို့ ဘတ်ပီရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ပြောခဲ့တာပါ။

ပီအက်စ်ဂျီအသင်းက မာဆေးလ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ဘတ်ပီဟာ ပြိုင်ဘက်ကစားသမား ဘလာဒီရဲ့ ဆိုးရွားတဲ့ ဖျက်ထုတ်မှုကို ခံရပြီးနောက် ကွင်းအပြင်ထွက်ကာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။ ဘတ်ပီဟာ ဆေးကုသမှုခံယူအပြီးမှာ ပြန်ပြီးကစားဖို့အတွက် ကွင်းထဲဝင်ရောက်လာခဲ့ပေမယ့် ဆက်မကစားနိုင်တော့တာကြောင့် ဥမင်ထဲဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဘတ်ပီရဲ့ဒဏ်ရာအခြေအနေကို ပီအက်စ်ဂျီအသင်းပရိသတ်တွေက စိုးရိမ်မှုတွေရှိနေကြပေမယ့် နည်းပြ အင်းနရစ်ကတော့ ဒဏ်ရာဟာ ထင်ထားသလို မပြင်းထန်ဘူးလို့ ပြောသွားခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို လူစားလဲခဲ့ပေမယ့် ဂွန်ကာလိုရာမို့စ်ရဲ့ ၂ ဂိုး၊ မူအာနီနဲ့ ဟာကီမီတို့ရဲ့ သွင်းဂိုး တွေကြောင့် မာဆေးလ်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒီနိုင်ပွဲကြောင့် ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲမှာ အဆင့် ၃ နေရာကို ရောက်ရှိလာခဲ့ပြီး ထိပ်ဆုံးနေရာက ဘရက်စ်အသင်းနဲ့ ၂ မှတ်ကွာဟ နေတာပါ။ ဘတ်ပီဟာ ဒီရာသီပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ ၇ ဂိုးသွင်းယူထားပြီး ဂိုးသွင်းအများဆုံးကစားသမား အဖြစ် ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတာဖြစ်ပါတယ်။

ဘတ်ပီအနေနဲ့ ဒဏ်ရာမပြင်းထန်ဘူးဆိုရင် စက်တင်ဘာ ၃၀ ရက်မှာကစားမယ့် ကလဲမောင့်အသင်းနဲ့ ပွဲမှာ ပီအက်စ်ဂျီအသင်းအတွက် ပါဝင်ကစားပေးနိုင်ဖွယ်ရှိနေပါတယ်။

Source:Goal