CNI International News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂

မောင့်ပယ်လီယာနဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဘတ်ပီရဲ့ အခြေအနေဟာ အရမ်းကြီး စိုးရိမ်စရာ မရှိဘူးလို့ ပီအက်စ်ဂျီ အသင်းနည်းပြ ဂယ်လ်တီယာက ပြောလိုက်ပါတယ်။

ဂယ်လ်တီယာက “သူ့ရဲ့ဒဏ်ရာ အတိအကျကိုတော့ မသိရသေးပါဘူး။ ကြည့်ရတာ ပြင်းထန်တဲ့ ပုံတော့ မပေါ်ပါဘူး။ ဒါကြောင့် အရမ်းကြီး စိုးရိမ်စရာမရှိပါဘူး”လို့ ဘတ်ပီရဲ့ ဒဏ်ရာစိုးရိမ်မှုနဲ့ ပတ်သက်ပြီး Canal+ ကို ပြောခဲ့တာပါ။

ပီအက်စ်ဂျီအသင်းက မောင့်ပယ်လီယာအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဘတ်ပီဟာ ဒဏ်ရာကြောင့် ပွဲချိန် ၂၂ မိနစ်မှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။

ဘတ်ပီဟာ လူစားလဲ မခံရချိန် ပွဲချိန် ၁၀ မိနစ်မှာ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပေမယ့် ဂိုးဝင်အောင် ကန်သွင်းနိုင် ခဲ့ခြင်း မရှိပါဘူး။ ပြင်သစ်တိုက်စစ်မှူးဟာ ဒီပင်နယ်တီကို ပထမအကြိမ် ကန်သွင်းခဲ့တာကို ဂိုးသမားက ကာကွယ် သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ကွင်းလယ်ဒိုင်လူကြီးက VAR ရဲ့ ဆုံးဖြတ်ချက်ကြောင့် နောက်တစ်ကြိမ် ပြန်ကန်သွင်းခိုင်းခဲ့တာပါ။

ဘတ်ပီ ဒဏ်ရာရသွားစဉ်

ဒီတစ်ကြိမ် ကန်သွင်းမှုမှာ တိုင်ထိခဲ့တာဖြစ်ပြီး ပြန်ထွက်လာချိန် ကန်သွင်းတာမှာလည်း လွဲချော်သွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဘတ်ပီဟာ မောင့်ပယ်လီယာနဲ့ပွဲမှာ ပင်နယ်တီလည်းမဝင် ဒဏ်ရာလည်း ရရှိခဲ့တာကြောင့် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ဘတ်ပီအပြင် ပီအက်စ်ဂျီအသင်းရဲ့ အဓိကနောက်ခံလူ တစ်ဦးဖြစ်တဲ့ ရာမို့စ် ကလည်း ဒဏ်ရာကြောင့် ပွဲချိန်မိနစ် ၃၀ မှာ လူစားလဲခံခဲ့ရတာပါ။

ပီအက်စ်ဂျီအသင်းရဲ့ အဓိကတိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ နေမာကလည်း ဒဏ်ရာကြောင့် မောင့်ပယ်လီယာနဲ့ ပွဲမှာ မပါဝင်နိုင်ခဲ့လို့ ဘိုင်ယန်မြူးနစ် အသင်းနဲ့ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲမတိုင်ခင် အသင်းအတွက် စိုးရိမ်စရာတွေ ရှိလာတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဖေဖော်ဝါရီလ ၁၄ ရက်မှာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်ကို စတင်ယှဉ်ပြိုင်ရတော့မှာပါ။

ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်းပွဲစဉ်မှာ မောင့်ပယ်လီယာ အသင်းကို အနိုင်ရခဲ့လို့ အမှတ်ပေးပြိုင်ပွဲမှာ ၂ ပွဲဆက် နိုင်ပွဲပျောက်ဆုံးတာကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ လီဂူးဝမ်း လက်ရှိ ချန်ပီယံအသင်းဟာ ဒီနိုင်ပွဲကြောင့် ဒုတိယ နေရာက မာဆေးလ်အသင်းကို ၅ မှတ် အသာရပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေတာ ဖြစ်ပါတယ်။

Source: Goal