CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂

ဝင်ဘာလေမှာ ကစားရမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲကို အနိုင်ရယူဖို့ သွားမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင် ဘာအဓိပ္ပါယ်မှ ရှိမှာမဟုတ်ဘူးလို့ ယူနိုက်တက် အသင်းနည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ဗိုလ်လုပွဲတက်နိုင်တာ အလွန်ကောင်းပါတယ်၊ ဒါပေမယ့် အနိုင်ရဖို့ ကစားရမှာပါ။ ဗိုလ်လုပွဲ ရောက်တယ်ဆိုတာ အောင်မြင်မှုရတာ မဟုတ်ပါဘူး။ အနိုင်ရအောင် လုပ်ဆောင်ရမှာပါ။ အခု ပရီးမီးယားလိဂ်ကို အာရုံစိုက်ပြီး ဆက်သွားရမယ်။ ပထမနေရာ ရဖို့အတွက် စိတ်ဓါတ်တွေ တက်ကြွနေရမယ်၊ ဆုဖလားကို ပရိသတ် တွေဆီ ယူဆောင်သွားချင်ပါတယ်” လို့ BBC Radio 5 Live ကို ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ နော်တင်ဟမ်ဖော်ရက်စ် အသင်းနဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ပွဲစဉ်မှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ယူနိုက်တက်အတွက် ဂိုးတွေကို မာရှယ်နဲ့ ဖရက်ဒ်တို့က ဒုတိယပိုင်းရောက်မှ သွင်းယူနိုင်ခဲ့တာပါ။ ယူနိုက်တက် အသင်းဟာ ပထမအကျော့ကလည်း နော်တင်ဟမ် ဖောရက်စ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၅ ဂိုး- ဂိုးမရှိနဲ့ ဗိုလ်လုပွဲတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ဗိုလ်လုပွဲအဖြစ် ဆောက်သမ်တန် အသင်းကို အနိုင်ရခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ဖေဖော်ဝါရီလ ၂၆ ရက်မှာ ယှဉ်ပြိုင်ရမှာပါ။

ယူနိုက်တက်အသင်းဟာ ၂၀၁၈ နောက်ပိုင်း ပထမဆုံး ပြည်တွင်းဖလား ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး နယူးကာဆယ်အသင်းကို အနိုင်ရခဲ့မယ်ဆိုရင် ၆ နှစ်ကြာ ဆုဖလားလက်မဲ့ ဖြစ်တာကို အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲရစ်တန်ဟတ် အတွက်လည်း သူ့ရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးရာသီမှာ ဆုဖလားရယူနိုင်မယ့် အခွင့်အရေး ရှိနေတာပါ။

ယူနိုက်တက်အသင်းဟာ ဖေဖော်ဝါရီလထဲမှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဘာစီလိုနာ အသင်းနဲ့ ကစားရမယ့် ပွဲစဉ်တွေ အပါအဝင် ပွဲကြပ်တွေ ဖြတ်သန်းရမှာဖြစ်ပြီး နယူးကာဆယ်ကတော့ တစ်ပတ်ကို တစ်ပွဲသာ ကစားရမှာဖြစ်လို့ အားသာချက် ရှိတယ်ဆိုတာ သိတယ်လို့ အဲရစ်တန်ဟတ်က ပြောပါတယ်။

အဲရစ်တန်ဟတ်က “နယူးကာဆယ်မှာ အားသာချက် ရှိတယ်ဆိုတာ သိသာပါတယ်။ ဒါပေမယ့် သဘောထား၊ စိတ်ဓါတ်တို့နဲ့ သက်ဆိုင်မှု ရှိပါတယ်။ ကျနော် အေဂျတ်စ်အသင်းကို ကိုင်တွယ်ခဲ့တုန်းက ဥရောပပွဲ ကစားအပြီးမှာ ဖလားပွဲ ကစားခဲ့ရဖူးပါတယ်။ ဒါကြောင့် အခုအခြေအနေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ သိပါတယ်” လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် စနေနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC