CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီဟာ ဒီရာသီအကုန်မှာ ရီးရယ်လ်အသင်းထံပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့တယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြထားပါတယ်။

ဘတ်ပီဟာ ပြင်သစ်သမ္မတ မက်ခရွန်စီစဉ်ထားတဲ့ ညစာစားပွဲကို တက်ရောက်ဖို့ Elysee နန်းတော်ကို ရောက်ရှိ လာချိန်မှာ ရီးရယ်လ်အသင်းထံပြောင်းရွှေ့မယ့် အလားအလာနဲ့ ပတ်သက်ပြီးမေးမြန်းခံခဲ့ရတာပါ။ ဒီ ညစာစားပွဲကို ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ၊ ကာတာဘုရင် ရှိတ်ဟာမတ်အယ်လ်သာနီနဲ့ အခြားထိပ်တန်း အားကစားသမားအများအပြား တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ ဘတ်ပီကတော့ ရီးရယ်လ်အသင်းနဲ့ အပြောင်း အရွှေ့သဘောတူညီမှုရရှိခဲ့တာကို ငြင်းခဲ့တယ်လို့ RMC Sport က ဖော်ပြခဲ့တာပါ။

ဒါပေမယ့် ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့ မယ့်အကြောင်းကို အသင်းတာဝန်ရှိသူတွေ၊အသင်းဖော်တွေကို အသိပေးပြီးဖြစ်ပါတယ်။ စပိန်သတင်းတွေ အများအပြားက ဘတ်ပီဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့ ဖော်ပြ ခဲ့သလို လာလီဂါအကြီးအကဲ တီဘတ်စ်က ပြင်သစ်တိုက်စစ်မှူးဟာ ရီးရယ်လ်အသင်းထံပြောင်းရွှေ့ဖို့ ၉၉ ရာခိုင်နှုန်းသေချာတယ်လို့ ပြောခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းကလည်း ဒီရာသီအကုန်မှာ ဘတ်ပီအသင်းကနေ ထွက်ခွာမှာကို လက်ခံထားပြီး သူ့နေရာမှာ အစားထိုးမယ့် ကစားသမားသစ်တွေကို စာရင်းပြုစုထားတာပါ။ ကာတာဘုရင် ရှိတ်ဟာမတ်အယ်လ်သာနီက Elysee နန်းတော်မှာ ဘတ်ပီကို ကံကောင်းပါစေဆိုပြီးဆုတောင်းပေးခဲ့ကြောင်းလည်း RMC Sport က ဖော်ပြ ထားတာဖြစ်ပါတယ်။ ဘတ်ပီဟာ လက်ရှိအချိန်မှာ ဒီအပြောင်းအရွှေ့ကို တရားဝင်ကြေညာခြင်းမရှိသေးဘဲ ပီအက်စ်ဂျီအသင်းနဲ့အတူ ဒီရာသီမှာ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ ထိပ်ဆုံးနေရာဦးဆောင်နေသလို ပြင်သစ်ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကိုရောက်ရှိနေပြီး ပထမအကျော့က ဆိုစီဒက်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိထားတာဖြစ်ပါတယ်။ 

Source:Goal