CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅

ကွင်းလယ်တိုက်စစ် ကစားသမား ရာပီနိုးဟာ တောင်အာဖရိကအသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အမေရိကန် လက်ရွေးစင် အမျိုးသမီးအသင်း ကစားသမားဘဝ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားသွားခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ ရာပီနိုးဟာ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်က NWSL လိဂ်ပြိုင်ပွဲ အဆုံးသတ်မယ့် အချိန်မှာ ကစားသမားဘဝကနေ အနားယူမယ်လို့ ကြေညာထားတာပါ။

၂၀၀၆ ခုနှစ်မှာ အမေရိကန်အသင်းအတွက် စတင်ပွဲဦးထွက်ခွင့်ရခဲ့တဲ့ ရာပီနိုးဟာ နိုင်ငံအသင်းအတွက် ၂၀၃ ပွဲ ပါဝင် ကစားခဲ့ပြီး ၆၃ ဂိုးသွင်းယူကာ ၂၀၁၅ နဲ့ ၂၀၁၉ ကမ္ဘာ့ဖလားချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရာပီနိုးက “တကယ်ကို အံ့သြစရာကောင်းပါတယ်။ ကောင်းမွန်တဲ့ အရာအားလုံးကို ကြားခဲ့ရပြီး လူအုပ်ကြီးရှေ့မှာ ပြန်ပြီးကစားရတာက ကောင်းပါတယ်။ ဒါကို အမြဲတမ်း လွမ်းနေမှာပါ။

ပြီးပြည့်စုံတယ်ဆိုပြီး ခံစားရတဲ့ အခိုက် အတန့် ရှိမယ်လို့ မထင်ပေမယ့် ဒါက တော်တော်လေး နီးစပ်ပါတယ်။ ဒီအင်္ကျီကို ဝတ်ဆင်ပြီး အံ့သြစရာကောင်း တဲ့ ကစားသမားတွေနဲ့ ကစားရတာကို အလွန်ဂုဏ်ယူပါတယ်”လို့ ပြောခဲ့ပါတယ်။

ရာပီနိုးကို နှုတ်ဆက်နေစဉ်

အမေရိကန်အသင်းက တောင်အာဖရိကအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ရာပီနိုးဟာ အမေရိကန် အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။ 

ရာပီနိုးကို လူစားလဲတဲ့ အချိန်မှာ ပွဲကို ခဏကြာ ရပ်တန့်ခဲ့ပြီး ဒီပွဲကို လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေ အားလုံးက မက်တပ်ရပ်ပြီး လက်ခုပ်တီး ဂုဏ်ပြုပေးခဲ့ကြတာ ဖြစ်ပါတယ်။ 

အသက် ၃၈ နှစ်အရွယ်ရှိ ရာပီနိုးဟာ အမေရိကန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ် ပါဝင်ကစားခဲ့ပြီး နိုင်ငံအသင်းကို ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။ 

ရာပီနိုးဟာ အောက်တိုဘာ ၁၅ ရက်မှာ ကစားမယ့် ချီကာဂိုရက်ဒ်စတားအသင်းနဲ့ ပွဲမှာ OL ရင်းအသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပြီး သူရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။

ရာပီနိုးဟာ ဘောလွန်းဒီအော ၁ ကြိမ်၊ ဖီဖာတစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးကစားသမားဆု ၁ ကြိမ် အပါအဝင် တစ်ဦးချင်း အောင်မြင်မှုတွေလည်း အများကြီး ရယူနိုင်ခဲ့ပါတယ်။

Source: BBC