CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇

လက်ဝှေ့သမိုင်းမှာ ပရိသတ်တွေ မျှော်လင့်နေကြတဲ့ ပွဲတစ်ပွဲဖြစ်တဲ့ တွမ်မီဗျူရီနဲ့ ဂျိတ်ပေါလ်တို့ပွဲမှာ တွမ်မီဗျူရီက အမှတ်ဆုံးဖြတ်ချက်နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီမှာ ထိုးသတ်ခဲ့တဲ့ ဒီပွဲမှာ ၈ ချီ ပြည့်တဲ့အထိ အလဲထိုးနိုင်ခြင်း မရှိတဲ့အတွက် ဒိုင်လူကြီး အဆုံးအဖြတ် ခံယူခဲ့တာမှာ တွမ်မီဗျူရီက အနိုင်ရခဲ့တာပါ။

ဒိုင်လူကြီး ၃ ဦးထဲမှာ ၁ ဦးက ဂျိတ်ပေါလ်ကို ၇၅ မှတ်- ၇၄ မှတ်နဲ့ အနိုင်ပေးခဲ့ပြီး နောက်ထပ် ဒိုင်လူကြီး ၂ ဦးက တွမ်မီဗျူရီကို ၇၆ မှတ်- ၇၃ မှတ်နဲ့ အနိုင်ပေးခဲ့တာ ဖြစ်ပါတယ်။

တွမ်မီဗျူရီက ဒီနိုင်ပွဲဟာ သူ့ရဲ့ မွေးကင်းစ သမီးလေး ဘမ်ဘီအတွက် ရည်ညွှန်းခဲ့သလို မကျေပွဲ ထိုးချင်တယ် ဆိုရင်လည်း ထိုးဖို့ရှိတယ်လို့ ပြောခဲ့တာပါ။

တွမ်မီဗျူရီက “လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒီအရာတွေဟာ ကျနော့်ဘဝကို ဆုံးရှုံးသွားစေခဲ့ပါတယ်။ လူတိုင်းက ကျနော်ကြောက်လို့ ပြေးနေကြတယ်လို့ ထင်ပေမယ့် ဒီညမှာတော့ ကျနော့် အမွေအနှစ်အတိုင်း လုပ်နိုင်ခဲ့ပါတယ်။ ဒါက ကျနော့်ရဲ့ ပထမဆုံး အဓိကပွဲကြီးပါ။ ဒီထက်ပိုကြီးမားပြီး ပိုကောင်းအောင် လုပ်မှာပါ။ သူက မကျေပွဲ ထိုးသတ်ချင်ရင် ဆက်သွားလို့ရတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

တွမ်မီဗျူရီနဲ့ ဂျိတ်ပေါလ်တို့ ထိုးသတ်နေစဉ်

တွမ်မီဗျူရီဟာ ဒီပွဲ အနိုင်ရခဲ့တာကြောင့် ထိုးသတ်ခဲ့တဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲ ၉ ပွဲစလုံး အနိုင်ရခဲ့ပြီး၊ ဂျိတ်ပေါလ် ကတော့ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့တာပါ။

ဂျိတ်ပေါလ်ဟာ ဒီပွဲမတိုင်ခင် ထိုးသတ်ခဲ့တဲ့ ၆ ပွဲစလုံး အနိုင်ရခဲ့ပေမယ့် ဒီပွဲမှာ အရေးနိမ့်ခဲ့လို့ နိုင်ပွဲဆက်မှု ရပ်တန့် သွားခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲဟာ အရင်ကတည်း ထိုးသတ်ဖို့ အကြိမ်ကြိမ် စီစဉ်ခဲ့ပေမယ့် ပျက်ပြယ်ခဲ့ပြီး အခုမှ ပွဲ ဖြစ်မြောက်ခဲ့တာပါ။

ဂျိတ်ပေါလ်က “တွမ်မီကို လေးစားပြီး သူအနိုင် ရသွားပါတယ်။ ကျနော့်ကို အနိုင်နဲ့ အကဲမဖြတ်ဘဲ အရှုံးနဲ့သာ အကဲဖြတ်ပါ။ ကျနော်ပြန်လာခဲ့မှာဖြစ်ပြီး မကျေပွဲက ထိုက်တန်တယ်လို့ ထင်ပါတယ်။ ဒါဟာ ကြီးကျယ်တဲ့ ထိုးသတ်ပွဲပါ”လို့ ပြောခဲ့တာပါ။

ဒီပွဲကို ကမ္ဘာကျော် ဘောလုံးသမား ရော်နယ်ဒို၊ လက်ဝှေ့ဂန္တဝင် မိုက်တိုင်ဆန် အပါအဝင် အားကစားနဲ့ ဖျော်ဖြေရေး လောကက နာမည်ကျော် အများအပြား တက်ရောက်ပြီး အားပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

Source: BBC