CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄

ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း တိုင်ဆန်ဗျူရီဟာ လက်ဝှေ့လောကကနေ အနားယူကြောင်း သူ့ရဲ့ ဆိုရှယ် မီဒီယာကနေ ကြေညာသွားခဲ့ပါတယ်။ 

တိုင်ဆန်ဗျူရီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာက WBA(Super)၊ WBC နဲ့ WBO ချန်ပီယံ အူဆက်ခ်နဲ့ မကျေပွဲအဖြစ် နောက်ဆုံး ထိုးခဲ့ပြီး အရေးနိမ့်ခဲ့တာပါ။ 

အသက် ၃၆ နှစ်အရွယ်ရှိ တိုင်ဆန်ဗျူရီဟာ ၂၀၂၂ ခုနှစ်၊ ဧပြီက ဒီလီယန်ဝှိုက်တီကို အနိုင်ရပြီးနောက် အနားယူကြောင်း ကြေညာခဲ့ပေမယ့် ၆ လအကြာမှာ ပြန်လာပြီး ပွဲတွေထိုးခဲ့တာ ဖြစ်ပါတယ်။ 

ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဆုကို အကြိမ် အများအပြား ရယူနိုင်ခဲ့တဲ့ တိုင်ဆန်ဗျူရီဟာ အူဆက်ခ်ကို အရေးမနိမ့်ခင် အထိ သူ့ရဲ့ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာ ရှုံးပွဲမရှိခဲ့တာပါ။ 

ဒါပေမယ့် တိုင်ဆန်ဗျူရီဟာ နောက်ဆုံးထိုးခဲ့တဲ့ ၂ ပွဲစလုံး အူဆက်ခ်ကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

တိုင်ဆန်ဗျူရီကို တွေ့ရစဉ်

တိုင်ဆန်ဗျူရီဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာ ပွဲပေါင်း ၃၇ ပွဲထိုးခဲ့ပြီး စံချိန်တင် ၃၄ ပွဲအနိုင် ရရှိကာ ၂ ပွဲအရေးနိမ့်ပြီး ၁ ပွဲသရေကျခဲ့တာပါ။ 

တိုင်ဆန်ဗျူရီဟာ စိတ်ကျန်းမာရေး ပြဿနာတွေကြောင့် လက်ဝှေ့လောကနဲ့ ၂ နှစ်ခွဲကြာဝေးကွာခဲ့ပြီး ၂၀၁၈ ခုနှစ် မှာ ပြန်လာကာ ချန်ပီယံခါးပတ်တွေကို ရရှိခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရွှာက သူနဲ့ တိုင်ဆန်ဗျူရီတို့ရဲ့ပွဲဟာ ဒီနှစ်ထဲ ဖြစ်နိုင် တယ်လို့ ပြောခဲ့တာပါ။

အန်သိုနီဂျိုရွှာရဲ့ပွဲစီစဉ်သူ အက်ဒီဟန်းက တိုင်ဆန်ဗျူရီရဲ့ အနားယူကြောင်း ကြေညာမှုအပေါ် မေးခွန်းထုတ် ခဲ့ပါတယ်။

တိုင်ဆန်ဗျူရီနဲ့ အန်သိုနီဂျိုရွှာတို့ရဲ့ပွဲကို ဖြစ်မြောက်ဖို့အတွက် ကာလရှည်ကြာ ကြိုးပမ်းနေပေမယ့် တိုင်ဆန်ဗျူရီ ရဲ့ အနားယူကြောင်း ကြေညာမှုကို ပရိသတ်တွေကလည်း စိတ်ပျက်နေကြတာပါ။ 

တိုင်ဆန်ဗျူရီနဲ့ အန်သိုနီဂျိုရွှာတို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဟဲဗီးဝိတ်တန်းကို ဦးဆောင်နေတဲ့သူတွေ ဖြစ်ကြပေမယ့် နှစ်ဦးစလုံးဟာ ယူကရိန်းလက်ဝှေ့သမား အူဆက်ခ်ကို အရေးနိမ့်ထားကြတာ ဖြစ်ပါတယ်။ 

Source: BBC