CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄
စပိန်လာလီဂါကလပ် ဗယ်လက်ကာနိုအသင်းကနေ ထွက်ခွာခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ မက္ကဆီကိုကလပ်ဖြစ်တဲ့ ကလပ်လီယွန်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
ဗယ်လက်ကာနိုအသင်းက ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ အပြောင်းအရွှေ့အတွက် သူတို့နဲ့ ကလပ်လီယွန်အသင်းတို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် သဘောတူညီမှုရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဖော်ပြထားခြင်း မရှိတာပါ။
မက္ကဆီကို ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၈ ကြိမ် ရရှိထားတဲ့ ကလပ်လီယွန်အသင်းဟာ သူတို့ရဲ့ဆိုရှယ် မီဒီယာပေါ်မှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ အပြောင်းအရွှေ့ကို ကြေညာပြီး သူ့ရဲ့ပုံ အများအပြားကို တင်ခဲ့ပါတယ်။
ဒါပေမယ့် ကလပ်လီယွန်အသင်းဟာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူခဲ့တဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။
ဒေသတွင်း မီဒီယာတွေက ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကလပ်လီယွန်အသင်းနဲ့ ၁ နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့် ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို တွေ့ရစဉ်
ကလပ်လီယွန်အသင်းဟာ ၂၀၂၁ ခုနှစ် နောက်ပိုင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ ၆ သင်းမြောက် အသင်းဖြစ်ခဲ့တာပါ။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဒီကာလအတွင်းမှာ အဲဗာတန်၊ အယ်လ်ရေယန်၊ အိုလံပီယာကို့စ်၊ ဆော်ပေါ်လိုနဲ့ ဗယ်လက် ကာနိုအသင်းတွေမှာ ကစားခဲ့တာဖြစ်ပါတယ်။
ကလပ်လီယွန်အသင်းဟာ ဇွန်လထဲ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားပြီး အုပ်စုအဆင့်မှာ ချယ်လ်ဆီး၊ တူနစ်၊ ဖလာမင်ဂိုအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။
ကလပ်လီယွန်အသင်းဟာ ရာသီသစ် မက္ကဆီကိုလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၁၉ ရက်မှာ အက်လက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN